ယာဂန်ကလော့က လီဗာပူးစတား ဒါ၀င်နူးနက်ရဲ့ အင်္ဂလိပ်စကား အားနည်းနေမှုဟာ ၎င်းကို ကလပ်မှာ လျှင်မြန်စွာ အထိုင်ကျဖို့အတွက် အခက်အခဲ ဖြစ်စေတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ နူးနက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဘင်ဖီကာကနေ လီဗာပူးကို ပေါင် ၈၅ သန်း ၀န်းကျင်နဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး ကလပ်အတွက် ၁၅ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။
ဒါဟာ သိပ်မဆိုးလှတဲ့ စွမ်းဆောင်ရည် ဖြစ်ပေမယ့်လည်း ဥရုဂွေးတိုက်စစ်မှုးဟာ လီဗာပူးမှာ အများ မျှော်လင့်ထားသလောက် စွမ်းဆောင်ပြထားနိုင်ခြင်းတော့ မရှိသေးပါဘူး။ နူးနက်ဟာ အခွင့်အရေးကောင်း များစွာကို လွဲချော်ထားခဲ့သူ ဖြစ်ပြီး လီဗာပူးရဲ့ system မှာ အသားတကျဖြစ်ရန် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒ့ါကြောင့်လည်း နူးနက်ဟာ လီဗာပူးရဲ့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲက အရန်လူစာရင်းမှာသာ ပါ၀င်ခွင့်ရခဲ့ပါတယ်။
ကလော့ဟာ လက်ရှိအချိန်မှာ ဆာလား ဂတ်ပို ဂျိုတာ တို့အတွဲကို ပင်တိုင် အသုံးပြုလျက်ရှိနေပြီး ယနေ့ည နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာလည်း ဒီအတွဲကို ဆက်သုံးသွားဖို့ ရှိနေပါတယ်။ မနေ့ညက သတင်းစာရှင်းလင်းပွဲမှာ ကလော့က ဘာသာစကား အခက်အခဲဟာ နူးနက်ရဲ့ ကစားပုံ အပေါ် သက်ရောက်မှု ရှိစေခဲ့တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။
ကလော့က “သူဟာ အသားကျဖို့ အတွက် လုပ်ဆောင်နေရဆဲပါ။ သူ့ရဲ့ အင်္ဂလိပ်စကားဟာ သိပ်ပြီးတော့ မကောင်းပါဘူး။ အသင်းက ရုန်းကန်နေရချိန်မှာ တိုက်စစ်မှုးတစ်ဦး အနေနဲ့ ဘယ်လိုလုပ်ပြီး တောက်ပနိုင်မှာလဲ? ဒါပေမယ့် သူဟာ စူပါအခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါဟာ ကာလရှည်စီမံကိန်းပါ။ ပွဲထွက်ခွင့် မရတဲ့ အခါ နူးနက်ဟာ အမြဲတမ်း အိုကေနေမှာ မဟုတ်ဘူးဆိုတာ ကျနော် နားလည်ပါတယ်။ တိုက်စစ် ကစားသမား ၅ ဦး ၆ ဦးလောက် ရှိနေတဲ့ အချိန်မှာတော့ ကျနော့် အနေနဲ့ ဆုံးဖြတ်ချက်တွေ ချရပါတယ်။
ကောင်လေးအားလုံးအတွက် တံခါးက ဖွင့်ထားဆဲပါ။ သူဟာ လိဒ်နဲ့ပွဲမှာ တအားကောင်းခဲ့ပါတယ်။ လူစား၀င်လာခဲ့တဲ့ ကစားသမား အားလုံး on fire ဖြစ်ခဲ့ပါတယ်။ သူဟာ အထောင်တိုက်စစ်မှုး တစ်ဦးပါ။ ဒါပေမယ့် ကျနော်တို့မှာ တိကျတဲ့ set-up နဲ့ အထောင်တိုက်စစ်ကနေ ခံစစ် ကစားရတဲ့ system ရှိပါတယ်။ အသင်းလိုက် ကစားတဲ့ အခါ ဒါကို နားလည်ထားဖို့ လိုအပ်ပါတယ်။ အသင်းရဲ့ တိုက်စစ်မှုးတွေ အနေနဲ့ ခြားနားတဲ့ ခံစစ်ကစားဟန်တွေကို အသားတကျ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီလို ရှိပါတယ်။
အခုချိန်မှာတော့ အတွဲအမိဆုံး တိုက်စစ်ကို အသုံးပြုနေတာပါ။ ဒီရာသီ အပြီးမှာတော့ နောက်တစ်မျိုး ဖြစ်နိုင်ပါတယ်။ သူ့ကို ဘယ်လို အသုံးချရမလဲဆိုတာကိုလည်း ကျနော်တို့ သိလာနိုင်ပါတယ်။ ဒါဟာ ကျနော် မြင်ထားတဲ့ပုံစံပါ။ သူဟာ တောင်ပံမှာကော အထောင်တိုက်စစ်မှာပါ ကစားနိုင်ပါတယ်။ သူ့အနေနဲ့ အင်္ဂလိပ်စကားကိုတော့ လေ့လာရပါမယ်။ ဒါဟာ အများကြီး အကူအညီ ဖြစ်စေမှာပါ။” လို့ ဆိုလိုက်ပါတယ်။