ဖောရက်စ်ကို အနိုင်ရရှိသောပွဲတွင် အန်ထော်နီသည် ကိုယ်တိုင်တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ မန်နေဂျာတန်းဟက်က ဘရာဇီးတောင်ပံကစားသမား အန်ထော်နီသည် ဒတ်ချ်တောင်ပံကစားသမားကြီး ရော်ဘင်ကဲ့သို့ ခြေစွမ်းပြပြီး မန်ယူအသင်း၏ကိုယ်ပိုင် ရော်ဘင် ဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
တန်းဟက်သည် မန်ယူသို့ ရောက်ရှိလာပြီး ပထမဆုံး အပြောင်းအရွှေ့ကာလတွင်ပင် အိုင်းယက်စ်မှ တပည့်ဟောင်း အန်ထော်နီကို ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းပေး၍ ခေါ်ယူခဲ့သည်။ သို့ရာတွင် အန်ထော်နီသည် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့် ခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိဟု ဝေဖန်ခြင်း ခံခဲ့ရသည်။
အန်ထော်နီသည် ၎င်း၏ဘယ်ခြေကို အားကိုးလွန်းကြောင်း ဝေဖန်ခံရသည်။ တန်းဟက်က ရော်ဘင်သည်လည်း ဘယ်ခြေကို အားကိုးလွန်းသောကစားသမားတစ်ဦးဖြစ်ကြောင်း သို့ရာတွင် ထိုအချက်ကို အားနည်းချက်အဖြစ်မခံဘဲ အားသာချက်ဖြစ်လာအောင် ရော်ဘင်ကို ပြောင်းလဲလိုက်နိုင်ကြောင်း ညွှန်ပြပြောဆိုခဲ့သည်။
“ကျွန်တော် ရော်ဘင်ကစားတာကို အကြိမ်ပေါင်းများစွာတွေ့ဖူးပါတယ်။ သူ့ကိုတစ်ကွက်ပဲ လုပ်ပြတတ်တဲ့သူလို့ ဝေဖန်ကြတယ်။ ဒါပေမယ့် သူလုပ်ပြတဲ့တစ်ကွက်က ကောင်းလွန်းတာကြောင့် ဘယ်သူမှ အဲဒီတစ်ကွက်ကို မတားဆီးနိုင်ကြပါဘူး။ မှန်ပါတယ် တိုက်စစ်ကစားသမားတစ်ဦးအနေနဲ့ ပုံစံအမျိုးမျိုးကစားနိုင်မယ်ဆိုရင်တော့ သူ့ကိုတားဆီးရတာပိုပြီးခက်တာပေါ့။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အဆုံးသတ်ကောင်းမွန်ရမယ်ဆိုတာကို အန်ထော်နီလည်းသိပါတယ်။ ဒီနှစ်မှာ သူက ပြိုင်ပွဲစုံ ၈ ဂိုးသွင်းပြီးသွားပါပြီ။ ပြိုင်ဘက်ဂိုးရှေ့ရောက်တဲ့ အခိုက်အတန့်လေးမှာဘဲ သူက ဆုံးဖြတ်ရမှာဖြစ်ပြီး ဒါကိုလည်း အန်ထော်နီက တိုးတက်အောင်လုပ်နေပါတယ်။ ဒီနေ့ရသွားတဲ့ နှစ်ဂိုးကို ကြည့်လိုက်ပါ။ အန်ထော်နီက မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို အချိန်ကိုက်ချနိုင်ကြောင်းသက်သေပြသွား ပါတယ်”ဟု တန်းဟက်က ပြောဆိုလိုက်သည်။
ပွဲမကစားမီ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် ကွင်းလယ်လူ ဆာဘစ်ဇာဒဏ်ရာရရှိသွားသောကြောင့် အဲရစ်ဆင်က ပွဲထွက်ကစားသမားအဖြစ်ဝင်ကစားခဲ့ရသည်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်၏ ခြေစွမ်းကိုလည်း တန်းဟက်က ချီးမွမ်းပြောဆိုလိုက်သည်။ ယခုပွဲသည် ဇန်နဝါရီတွင် ဒဏ်ရာရပြီးနောက် အဲရစ်ဆင်၏ ပထမဆုံးပွဲထွက်ကစားသည့် ပွဲလည်းဖြစ်ခဲ့သည်။
“သူ့မှာပင်ကိုယ်ပါရမီကို ရှိတာပါ။ သူကစားတာကိုကြည့်ရင် အရာရာက ချောချောမွေ့မွေ့ပါဘဲ။ သူ့မှာ ကျွမ်းကျင်မှုနဲ့ ပွဲကိုနားလည်မှုက သိပ်ကောင်းပါတယ်။ ဆာဘစ်ဇာသာ ဒဏ်ရာမရရင်တော့ အဲရစ်ဆင် ပွဲထွက်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲရစ်ဆင် ပွဲထွက်လာတာက မန်ယူကွင်းလယ်ကို လုံးဝအားနည်းသွားစေတာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်”ဟု တန်းဟက်က ဆက်လက်ပြောဆိုသည်။