ဘယ်လင်ဂမ်သည် ပါရမီရှင်ကစားသမားတစ်ဦးဖြစ်သော်လည်း ဒေါ့မွန်တွင် ၎င်းကစားနေသည့်ပုံစံမှာ အချို့အချိန်များတွင် အသင်းကစားကွက်နှင့် လိုက်လျောညီထွေမရှိဘဲ စည်းကမ်းမရှိသလို ဖြစ်နေကြောင်း ဂျာမန်ကစားသမားဟောင်း ဟာမန်းက ပြောဆိုလိုက်သည်။
အသက် ၁၉ နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်လူ ဟာမန်းကို ရီးရဲမက်ဒရစ် လီဗာပူးနှင့် မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေပြီး လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ၎င်းကို ခေါ်ယူရေးအတွက် တိုက်ပွဲတစ်ခုဖြစ်လာနိုင်သည်။
အင်္ဂလန်လက်ရွေးစင်ဘယ်လင်ဂမ်သည် ဒေါ့မွန်အသင်းအတွက် သော့ချက်ကစားသမားတစ်ဦး ဖြစ်နေပြီး လက်ရှိဘောလုံးရာသီတွင် ၃၇ ပွဲကစားကာ ၁၀ ဂိုးသွင်း၍ ၇ ဂိုးဖန်တီးပေးထားသည်။
ဘယ်လင်ဂမ်သည် ဒေါ့မွန်တွင်ကစားရာတွင် ယခုထက်ပို၍ အသင်းကစားကွက်ကို ဂရုစိုက်သင့်ကြောင်း အသင်း၏ခံစစ်အတွက်ပို၍ အာရုံစိုက်ရန်လိုအပ်ကြောင်း ဒေါ့မွန်အသင်းဖော်များသည် ဘယ်လင်ဂမ်ကို ဝေဖန်လျှင် ၎င်းစိတ်ဆိုးမည်ကို စိုးရိမ်နေကြောင်း သတင်းများကဖော်ပြသည်။
“ဘယ်လင်ဂမ်က ထူးခြားပြီး အရည်အသွေးရှိတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူကစားတာက တစ်ခါတစ်လေ စည်းကမ်းမရှိဘူးလိုဖြစ်နေတယ်။ ပြီးခဲ့တဲ့လပိုင်းတွေမှာ ဒေါ့မွန်ပေးခဲ့ရတဲ့ ဂိုးတွေကို ကြည့်ရင် ၅ ဂိုး ၆ ဂိုးလောက်မှာ ဘယ်လင်ဂမ်က အဓိက တာဝန်ရှိနေတာကို တွေ့ရပါလိမ့်မယ်။ သူ့အနေနဲ့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ရီးရဲမက်ဒရစ် လီဗာပူးတို့မှာ ကစားမယ်ဆိုရင် ဒီလိုလုပ်လို့မရပါဘူး။ ဒေါ့မွန်မှာတော့သူက ထင်ရာလုပ်လို့ရပါတယ်။ ဘယ်သူကမှ သူ့ကို အမုန်းခံပြီး ပြောနေမှာမဟုတ်ပါဘူး။ ကျွန်တော်သာ ရီးရဲမက်ဒရစ် လီဗာပူးတို့က တာဝန်ရှိသူတွေ ဖြစ်မယ်ဆိုရင် ဘယ်လင်ဂမ်ကစားတာက တစ်ခါတစ်ရံစည်းကမ်းမဲ့တတ်တာကို ထည့်စဉ်းစားမှာဖြစ်ပါတယ်။ သူက ငယ်ရွယ်သေးတော့ တိုးတက်မှုရှိလာမယ်ဆိုတာလည်း သိပါတယ်”ဟု ဟာမန်းက ပြောဆိုလိုက်သည်။