မန်ယူကို ၇ ဂိုးပြတ်ဖြင့်အနိုင်ရရှိပြီးဖြစ်သော်လည်း လီဗာပူးအနေဖြင့် ကြိုးစားအားထုတ်မှုကို လုံးဝလျှော့ချ၍ မရကြောင်း ယနေ့ည ကစားရမည့် ဘုမ်းမောက်နှင့်ပွဲတွင် ခြင်္သေ့များကဲ့သို့ တိုက်ခိုက်ကစားရန် လိုအပ်ကြောင်း ဥရုဂွေးတိုက်စစ်မှူး နူညက်ဇ်က ပြောဆိုလိုက်သည်။
ကလော့ပ်၏အသင်းသည် လက်ရှိဘောလုံးရာသီတွင် များစွာရုန်းကန်နေရသော်လည်း ပြီးခဲ့သည့်တစ်ပတ်က မန်ယူကို ဂိုးပြတ်အနိုင်ယူပြီးနောက်ပိုင်းတွင် အဆင့် ၄ အတွင်းဝင်နိုင်ရေး ရည်မှန်းချက်ပြန်လည်အသက်ဝင်လာခဲ့သည်။
ဘင်ဖီကာမှ ပြောင်းရွှေ့လာသော နူညက်ဇ်သည် လီဗာပူးအတွက် စုစုပေါင်း ၃၁ ပွဲကစားပြီး ၁၄ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ နူညဇ်သည် မန်ယူအသင်းနှင့်ကစားသည့်ပွဲတွင်လည်း ၂ ဂိုးသွင်းပေးထားနိုင်သည်။ လီဗာပူးသည် ယနေ့ညတွင် ဘုမ်းမောက်နှင့် အဝေးကွင်းပွဲစဉ်ကစားရန် ရှိနေသည်။ လီဗာပူးသည် ယခုနှစ်ဘောလုံးရာသီအစပိုင်းကာလတွင် ဘုမ်းမောက်ကို အန်ဖီး၌ ၉ ဂိုးပြတ်ဖြင့် အနိုင်ရရှိထားသည်။

“ကျွန်တော်တို့က နည်းနည်းမှ စိတ်ကို လျှော့လို့မရပါဘူး။ မန်ယူကို ၇ ဂိုးပြတ်နိုင်ပြီးလည်း အနားယူမယ်ဆိုတဲ့စိတ်မျိုးမွေးလို့မရဘူး။ ဘုမ်းမောက်နဲ့ပွဲမှာ မန်ယူနဲ့ပွဲမှာလိုပဲ စိတ်ထားမှ ဖြစ်မယ်။ အနိုင်ရအောင်ကစားမယ်။ သုံးမှတ်အရယူမယ်လို့စိတ်ပိုင်းဖြတ်ထားနိုင်ဖို့လိုအပ်ပါတယ်။ ပထမအကျော့မှာ ဘုမ်းမောက်ကို ၉-၀ နဲ့နိုင်တာမှန်ပါတယ်။ အခုက နောက်တစ်ခါကစားရမှာ ပထမပွဲမဟုတ်ဘူး။ သူတို့ကွင်းမှာ အနိုင်ရအောင်ကစားနိုင်ဖို့လိုအပ်ပါတယ်။ မန်ယူက အိုးထရက်ဖို့မှာ ကစားတုန်းက ကျွန်တော်တို့ကို ၂-၁ နဲ့နိုင်ခဲ့တယ်။ အခုကျွန်တော်တို့က ၇-၀ နဲ့နိုင်တယ်။ ဘုမ်းမောက်နဲ့ ပွဲမှာလည်း ရလဒ်က ပထမအကျော့ကနဲ့ ပြောင်းပြန်မဖြစ်ဖို့ ကြိုးစားရမယ်။ ဘောလုံးလောကမှာ ဘာမဆိုဖြစ်နိုင်တယ်။ ဘုမ်းမောက်ကွင်းကို သွားပြီး အနိုင်ယူမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိဖို့လိုအပ်နေပါတယ်”ဟု နူညဇ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
