လီဗာပူးလ်အသင်းကိုရောင်းချရန် အသင်းပိုင်ရှင် FSGထံ ပရိသတ်များ တောင်းဆိုခဲ့ပြီး အသင်းပိုင်ရှင် FSG အား ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် နည်းပြဖြစ်သူ ယာဂန်ကလော့ပ်ကိုမူ ထောက်ခံအားပေးခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်း၏ပရိသတ်များသည် FSG အနေဖြင့် အပြောင်းအရွှေ့စျေးကွက်၌ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအားနည်းသည်ဟု ယူဆထားခြင်းကြောင့် အသင်းအရောင်းအဝယ်ဖြစ်မြောက်ရန် မျှော်လင့်ခဲ့သော်လည်း FSG ကို ဦးဆောင်နေသည့် ဂျွန်ဟင်နရီက အသင်းအား ရောင်းထုတ်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် FSG အနေဖြင့် အသင်းမှ ထွက်ခွာသွားရန် လီဗာပူးလ်ပရိသတ်များက တောင်းဆိုခဲ့ကြပြီး မန်ယူနှင့်ပွဲမကစားမီ အန်ဖီးလ်ကွင်းအထက်၌ ”FSG OUT- KlOPP IN- ENOUGH IS ENOUGH” ဟူသည့် စာတန်းကို လေယာဉ်ဖြင့် ချိတ်ဆွဲပျံသန်းကာ ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ၌ ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ထပ်မံပြုလုပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။