ဒတ်ချ်ဂန္ထဝင်တိုက်စစ်မှူး ဗန်ဘာစတန်က အိုင်းယက်စ်တောင်ပံကစားသမား ကူးဒက်စ်ကို ချီးမွမ်းလိုက်ပြီး ဂါနာ တိုက်စစ်ကစားသမားသည် မန်ယူတွင် ရောက်နေသော အန်ထော်နီထက် အရည်အချင်းပို၍ ပြည့်ဝသည့် ကစားသမား ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ မန်ယူသည် ပြီးခဲ့သည့်နွေရာသီတွင် အန်ထော်နီကို ပြောင်းရွှေ့ကြေးပေါင် ၈၅.၅ သန်းပေး၍ ခေါ်ယူလိုက်ခြင်းဖြစ်သည်။
အန်ထော်နီ၏ ကစားပုံကို ရှုပ်ထွေးကြောင်းနှင့် ကူးဒက်စ်သည် ဘရာဇီးတောင်ပံကစားထက်ပိုကောင်းသည်ဟု ဗန်ဘာစတန်က ပြောဆိုလိုက်သည်။ အန်ထော်နီသည် မန်ယူသို့ ရောက်ရှိလာပြီးနောက် သုံးဂိုးသာသွင်ယူထား နိုင်ပြီး ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်းမရှိဖြစ်နေကာ ပြောင်းရွှေ့ကြေးနှင့်သင့်လျော်သည့် ခြေစွမ်းမျိုးပြသနိုင်ခြင်း မရှိဖြစ်နေသည်။
အန်ထော်နီသည် အရေးကြီးသည့် အချိန်တွင် အလှအပများကို ပြနိုင်ရန် ကြိုးစားနေပြီး ဆုံးဖြတ်ချက်မှန်ကန်မှုမရှိကြောင်း ထို့ကြောင့် အောင်မြင်မှုရရှိခြင်းလည်း အပြောင်းအလဲဖြစ်နိုင်ကြောင်း ဗန်ဘာစတန်က ထုတ်ဖော်ပြောဆိုလိုက်သည်။


ဗန်ဘာစတန်က “မိုဟာမက်ကူးဒက်စ်က အန်ထော်နီထက်ပိုပြီး ပြည့်စုံတဲ့ကစားသမားဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အန်ထော်နီက အရည်အသွေးရှိပါတယ်။ ဒါပေမယ့်သူလုပ်ပြနေတာတွေက ရှုပ်ထွေးနေတယ်။ ကူးဒက်စ်က နည်းစနစ်ပိုင်းပိုကောင်းပြီး သူဘာလုပ်နေလည်းဆိုတာကို သူသိတယ်လေ။ အန်ထော်နီက ပိုမြန်ရင်မြန်မယ် ဒါပေမယ့် ကူးဒက်စ်ကို ဉာဏ်ပိုကောင်းပြီး တည်ငြိမ်တယ် နည်းစနစ်လည်း ပိုကောင်းတယ်။ ကူးဒက်စ်က နေရာစုံကစားနိုင်ပြီး ဘောလုံးသမားတစ်ယောက်အနေနဲ့ အဘက်ဘက်က ကြည့်ရင်ပိုပြီးပြည့်စုံပါတယ်။ ပြီးတော့ ကူးဒက်စ် ကစားတာကို ကြည့်ရာတာ ကျွန်တော်ပိုကြိုက်တယ်”ဟု ဗန်ဘာစတန်က ပြောဆိုလိုက်သည်။

အန်ထော်နီသည် အိုးထရက်ဖို့တွင် ရုန်းကန်နေရသော်လည်း ကူးဒက်စ်သည် အိုင်းယက်စ်တွင် ပွဲပေါင်း ၃၀ ကစားပြီး ၁၅ ဂိုးသွင်းယူထားနိုင်သည်။ အိုင်းယက်စ်နည်းပြချုပ်အသစ် ဟိုက်တင်ဂါရောက်ရှိလာပြီးနောက် နောက်ဆုံးကစားသည့် ၅ ပွဲတွင် ကူးဒက်စ်သည် ၄ ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးထားနိုင်သည်။
