ဘာစီလိုနာအသင်းနည်းပြ ဇာဗီက မန်ယူအသင်းနှင့် သရေကျသည့်ပွဲတွင် လူစားလဲခံရသဖြင့် ဒေါသပေါက်ကွဲခဲ့သည့် အသင်းတောင်ပံကစားသမား ရာဖင်ညာနှင့် ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်က ကစားခဲ့သည့် ယူရိုပါလိဂ် Knock-out ပကျော့ပွဲစဉ် ဘာစီလိုနာ (၂-၂) မန်ယူပွဲ၌ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာသည် ပွဲချိန် ၇၆ မိနစ်တွင် ဘာစီလိုနာအသင်းအတွက် ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့သည်။ သို့သော် ဘာစီလိုနာအသင်းနည်းပြ ဇာဗီသည် ပွဲချိန် ၈၃ မိနစ်တွင် ၎င်းကို ထုတ်ကာ ဖယ်ရန်တောရက်စ်ကို လူစားဝင်ကစားစေခဲ့သည်။
လူစား လဲခံရပြီးနောက် အရန်ခုံတန်း၌ ထိုင်ချိန်တွင် ဒေါသထွက်နေသည့် ရာဖင်ညာသည် ၎င်းရှေ့တွင် ထိုင်နေသည့် မားကို့စ်အလွန်ဆို၏ ထိုင်ခုံကို လက်သီးဖြင့် သုံးကြိမ်ထိုးခဲ့ပြီး အသင်းဖော် ယော်ဒီအယ်လ်ဘာက ၎င်းကိုနှစ်သိမ့်ပေးခဲ့သည်။

ရာဖင်ညာ၏ အဆိုပါလုပ်ရပ်နှင့်ပတ်သက်ပြီး ဘာစီလိုနာနည်းပြ ဇာဗီက ပြဿနာမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဇာဗီက “ဘောလုံးမှာ ဒါမျိုးတွေဖြစ်တာက ပုံမှန်ပါပဲ။ ကစားသမားတွေကို ဒေါသထွက်ဖို့ ကျွန်တော် ပြောထားပါတယ်။ ရာဖင်ညာ အခုလိုဖြစ်တာ ကောင်းပါတယ်။ ကျွန်တော် ကစားသမားဘဝတုန်းကလည်း နည်းပြက လူစားလဲရင် ဒေါသထွက်ခဲ့တာပါပဲ။ ဘောလုံးမှာ ဒါမျိုးတွေ ဖြစ်နေကျ ဖြစ်ပြီး သာမန်ဖြစ်ရပ်တစ်ခုပါပဲ။ အဓိကက ကွင်းအတွင်း အကောင်းဆုံးပေးဆပ်ဖို့ပါပဲ။ ရာဖင်ညာက အသင်းအတွက် အပြည့်ပေးဆပ်သူပါ”ဟု ပြောကြားခဲ့သည်။
