မန်ယူအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ပေါ်တူဂီတိုက်စစ် မှူး စီရော်နယ်လ်ဒိုသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့မှုကို သူ၏ကိုယ်စားလှယ်များက ငြင်းဆန်ခဲ့သည်။
ယင်းသတင်းများနှင့် ပတ်သက်ပြီး အခြေအမြစ်မရှိကြောင်း စီရော်နယ်လ်ဒို၏ ကိုယ်စားလှယ်များက Daily Mail ၏ဖြေကြားမှုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး အခိုင်အမာငြင်းဆန်ထားကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်ဟု Eurosport သတင်းဌာနက ရေးသားခဲ့သည်။
ဆော်ဒီကလပ်အသင်းများသည် ပြီးခဲ့သည့် နွေရာသီကတည်းက စီရော်နယ်လ်ဒိုကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြခြင်းဖြစ်ပြီး ယခု အသင်းလက်မဲ့ဖြစ်သွားချိန်၌ အယ်လ်နာဆာ အသင်းက တရားဝင်ကမ်းလှမ်းမှု ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Marca က ရေးသားခဲ့ သည်။ Marca ၏အဆိုအရ အယ်လ်နာဆာ အသင်းသည် တစ်နှစ်လစာ ယူရိုသန်း ၂၀၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ခြင်းကြောင့် စီရော်နယ်လ်ဒိုက လက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် တစ်နှစ်ပေါင် ငါးသိန်းဝန်းကျင် ရရှိခဲ့ပြီး စာချုပ်သက်တမ်း ခုနစ်လ ကျန်ရှိချိန်၌ စာချုပ်ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။
ယင်းအတွက် ပေါင် ၁၅ သန်းဝန်းကျင် နစ်နာခဲ့ရသည့်အပြင် လာမည့် ဇန်နဝါရီ ၁ ရက်မှသာ အသင်းသစ်နှင့် လက်တွဲခွင့်ရမည် ဖြစ်ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် မေဂျာလိဂ်မှ ကလပ်အသင်းအချို့၏ စံချိန်တင်လစာနှုန်းထားဖြင့် ကမ်းလှမ်းမှု ရရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ယင်းစံချိန်တင်လစာငွေမှာ အယ်လ်နာဆာအသင်း၏ ကမ်းလှမ်းမှုနှင့် နှိုင်းယှဉ်လျှင်မူ များစွာနည်းပါးခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် အယ်လ်နာဆာအသင်း ၏ ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Marca က စီရော်နယ်လ်ဒိုသည် ၂၀၂၃ ဇန်နဝါရီ ၁ ရက်တွင် အယ်လ်နာဆာနှင့် စတင်လက်တွဲမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း အတိအလင်းရေးသားခဲ့သည်။ အယ်လ်နာဆာအသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ခုကမူ စီရော်နယ်လ်ဒိုသည် အသင်းနှင့် စာချုပ်ချုပ်ဆိုထားခြင်း မရှိကြောင်း BBC Sport သို့ ပြောကြားခဲ့သည်။