စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက ပရီးမီးယားလိဂ်နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် မိမိတို့အတွက် အချိန်၊ စိတ်ရှည်သည်းခံမှုနှင့် ငွေကြေးလိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စပါးအသင်းသည် ပြီးခဲ့သည့်တစ်ပတ် ကြားရက်တွင် မန်ယူအသင်းအား အဝေးကွင်း ၌ (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို တနင်္ဂနွေနေ့တွင်လည်း နယူးကာဆယ်အသင်းအား အိမ်ကွင်း၌ (၁-၂)ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
စပါးအသင်းတွင် အဓိကကစားသမားများဖြစ်သည့် ရစ်ချာလီဆန်၊ ကူလူဆက်ဗ်စကီး၊ ရိုမဲရိုးနှင့် ဟူဘယက်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိရာ ကွန်တီက မိမိအသင်းမှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကဲ့သို့ ပြိုင်ပွဲများကို ယှဉ်ပြိုင်နိုင်သော အခြေအနေမရှိဟုလည်း ဝန်ခံပြောကြားခဲ့သည်။
“ကျွန်တော်တို့အတွက် အချိန်နဲ့ စိတ်ရှည်သည်းခံမှု လိုအပ်ပါတယ်။ ပြီးတော့ ငွေကြေးလိုအပ်တယ်ဆိုတာလည်း သေချာပါတယ်။ ဒီအချိန်မှာ ကျွန်တော် စိုးရိမ်တဲ့ တစ်ခုတည်းသောအရာက ကံကောင်းမှုတွေ ဆက်ပြီးရနေဖို့ပါပဲ။ ဒဏ်ရာပြဿနာတွေ ထပ်မရ ဖို့လည်း လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးတွေကို ယှဉ်ပြိုင်နိုင်တဲ့၊ အင်အားတောင့်တင်းတဲ့အသင်း မဟုတ်လို့ပါ။ ကစားသမားတွေအနေနဲ့ ပွဲအပြီးမှာ ကြံ့ခိုင်မှု ပြန်ပြည့်ဖို့အတွက် နှစ်ရက်လောက် အနားယူဖို့ လိုပါတယ်။ သူတို့တွေက (၇)ပွဲဆက်တိုက် ကစားထားရပြီး အလှည့်ကျလုပ်လို့လည်းမရပါဘူး” ဟု ကွန်တီက ပြောကြားခဲ့သည်။
စပါးအသင်းသည် ယနေ့ညတွင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်း၌ စပို့တင်းလစ္စဘွန်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။