မန်စီးတီးတိုက်စစ်မှူး ဟော်လန်းက ပွဲ အတွင်း ဘောလုံးထိချက်နည်းပါးမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများကို ဂရုမစိုက်ကြောင်း နှင့် မိမိလုပ်ရမည့်အလုပ်ကို မိမိသိရှိကြောင်း ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းထံသို့ ပေါင် ၅၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် မန်စီးတီးအသင်းတွင် စံချိန်တင်ဂိုးများ သွင်းယူနေသော်လည်း ပွဲအတွင်း ပါဝင်ပတ်သက်မှု၊ ဘောလုံးထိချက် နည်းပါးမှုနှင့်ပတ်သက်ပြီး ၎င်း၏ကစားပုံကို ထောက် ပြဝေဖန်မှုများလည်း ရှိနေသည်။
ထို့ကြောင့် ဟော်လန်းက “လူတွေကတော့ ကျွန်တော့်အနေနဲ့ ဘောလုံးထိချက်နည်းတယ်။ အသင်းရဲ့ကစားကွက်မှာ ပါဝင်ပတ်သက်မှု အားနည်းတယ်ဆိုပြီး ပြောနေကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် ဘာလုပ်ရမယ်၊ ဘာလုပ်နိုင်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်က ဘောလုံးထိချက် ငါးချက်ကနေ ငါးဂိုးရဖို့ပါ”ဟု ပြောကြားခဲ့သည်။