ရီးယဲလ်မက်ဒရစ်အသင်း၏ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက မိမိအနေဖြင့် ရီးယဲလ်အသင်းမှထွက်ခွာခဲ့ပါက နည်းပြလောကမှ အနားယူမည်ဟု ဖွင့်ဟခဲ့ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
အသက် (၆၃)နှစ်အရွယ်ရှိ ၀ါရင့်နည်းပြအန်ဆယ်လော့တီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ကမှ ရီးယဲလ်မက်ဒရစ်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး အချိန်တစ်နှစ်ကျော်အတွင်း အသင်းနှင့်အတူ ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်စူပါဖလားနှင့် ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့သူဖြစ်သည်။
၎င်း၏အနာဂတ် အခြေအနေနှင့် ပတ်သက်ပြီး အန်ဆယ်လော့တီက ”ကျွန်တော့်ရဲ့နည်းပြဘဝမှာ ရီးယဲလ်မက်ဒရစ်အသင်းက နောက်ဆုံးသောအသင်းပါပဲ။ ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီးရင် ကျွန်တော်အနားယူတော့မှာပါ။ ရီးယဲလ်မက်ဒရစ်ဟာ ဘောလုံးလောကရဲ့ ထိပ်ဆုံးတန်းမှာရှိနေတဲ့အသင်းဖြစ်ပါတယ်” ဟု စပိန်မီဒီယာ Relevo သို့ ဖြေကြားခဲ့ကြာင်း သိရသည်။
အန်ဆယ်လော့တီနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၄ ခုနှစ် နွေရာသီတွင်မှ ကုန်ဆုံးမည်ဖြစ်ပြီး အန်ဆယ်လော့တီအနေဖြင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးမှသာ အသင်းနှင့်အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။