မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန်က အသင်းတိုက်စစ်မှူးသစ် ဟော်လန်းမှာ ဂိုးရှေ့တွင် ကြောက်စရာကောင်းသူဖြစ်ပြီး မန်စီးတီးအသင်း၌ ရပ်တန့်၍မရသည့်ကစား သမားဖြစ်လာလိမ့်မည်ဟု ချီးကျူးပြောကြား သည်။
မန်စီးတီးအသင်းသည် အသက် ၂၂ နှစ်အရွယ်ရှိ နာမည်ကျော် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းကို ယခုနွေတွင် ပေါင် ၅၁ သန်းဖြင့် ဒေါ့မွန်အသင်းမှ ခေါ်ယူခဲ့သည်။
ဟော်လန်းသည် မန်စီးတီးအသင်း အတွက် ပထမဆုံးပါဝင်ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းအား (၁-၀) ဂိုးဖြင့် အနိုင်ရသည့် ရာသီကြိုခြေစမ်းပွဲ၌ ပွဲချိန် ၁၂ မိနစ်တွင် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
ထို့ကြောင့် ဖိုဒန်က တိုက်စစ်မှူးသစ် ဟော်လန်းမှာ မိမိတို့အသင်းအတွက် အလွန်ကောင်းမွန်သည့် ခေါ်ယူမှုဖြစ်လာလိမ့်မည်ဟု Sky Sports နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဟော်လန်းက အသင်းအတွက် အရမ်း ကောင်းတဲ့ ခေါ်ယူမှုပါပဲ။ သူက နှိမ့်ချတတ်သူဖြစ်ပြီး အသင်းဖော်တွေကို အမြဲရယ်မောအောင် လုပ်နိုင်သူလည်း ဖြစ်ပါတယ်။ ဒီလိုကစားသမားမျိုး အသင်းကိုရောက်လာတာ အရမ်းကောင်းပါတယ်။ သူက အောင်မြင်မှုတွေအတွက် ဆာလောင်နေသူဖြစ်ပြီး ဒါက အသင်းအတွက် တကယ်ကိုကောင်းပါတယ်။ ဂိုးရှေ့မှာဆိုရင် ဟော်လန်းက ကြောက်စရာကောင်းပါတယ်။ သူဟာ အမြန်ကစားတဲ့ ဂျာမန်လိဂ်ကလာတာဖြစ်လို့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အချိန်အနည်းငယ်ယူရနိုင်ပေမဲ့ အထိုင်ကျပြီဆိုရင်တော့ သူဟာ ရပ်တန့်လို့မရ တဲ့သူဖြစ်လာမှာပါ”ဟု ဖိုဒန်က ပြောကြားသည်။