လီဗာပူးလ်အသင်းနည်းပြ ယာဂန်က လော့ပ်က ကွန်မြူနတီဒိုင်းမှာ မိမိလက်ထက် တွင် မရသေးသည့် တစ်ခုသောပြည်တွင်း ဖလားဖြစ်ပြီး မန်စီးတီးအသင်းကို အနိုင်ယူ ကာ ချန်ပီယံဆုကို ရယူနိုင်လျှင် ကောင်းလိမ့်မည်ဟု ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယား လိဂ်ချန်ပီယံ မန်စီးတီးအသင်းနှင့် FA ဖလား ချန်ပီယံ လီဗာပူးလ်အသင်းတို့သည် ကွန်မြူနတီဒိုင်းပွဲအဖြစ် ဇူလိုင် ၃၀ ရက် (ယနေ့) မြန် မာစံတော်ချိန် ၁ဝး၃၀ နာရီတွင် လက်စတာအသင်း၏ အိမ်ကွင်းဖြစ်သည့် King Power Stadium ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် အသင်းသမိုင်းတစ်လျှောက် ကွန်မြူနတီဒိုင်းကို ၁၅ ကြိမ်အထိ ရဖူးသော်လည်း နည်းပြ ယာဂန်ကလော့ပ် လက်ထက်တွင် ရယူနိုင်ခြင်းမရှိသေးပေ။ လီဗာပူးလ်အသင်းသည် ယာဂန်ကလော့ပ်လက်ထက်၌ ကွန်မြူနတီဒိုင်း နှစ်ကြိမ် ကစားဖူးသော်လည်း ၂၀၁၉ တွင် မန်စီးတီးနှင့် ၂၀၂၀ တွင် အာဆင်နယ်အသင်းတို့ကို ပယ်နယ်တီအဆုံးအဖြတ်များဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းကို ကိုင်တွယ်သည့် ခုနစ်ရာသီအတွင်း အသင်းကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ဥရောပစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရယူပေး နိုင်ခဲ့သော်လည်း ကွန်မြူနတီဒိုင်းကိုမူ ရယူပေးနိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် ယာဂန်ကလော့ပ်သည် ကွန်မြူနတီဒိုင်းကို ရယူပေးရန် ဆန္ဒပြင်းပြနေပြီး မန်စီးတီးအသင်းနှင့် ကစားမည့်ပွဲမှာ ၎င်းတို့အတွက် အလွန်အရေးပါသည့်ပွဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယာဂန်ကလော့ပ်က “ကွန်မြူနတီဒိုင်းက အရေးကြီးတဲ့ ဆုဖလားတစ်ခုဖြစ်ပြီး ကျွန်တော် ဒီလိုပွဲမျိုး နှစ်ကြိမ် ကစားခဲ့ဖူးပါတယ်။ မန်စီးတီးအသင်းကို အနိုင်ရပြီး ကွန်မြူနတီဒိုင်းကိုရခဲ့ရင် တကယ်ကောင်းမှာပါ။ ဘာကြောင့်လဲဆိုတော့ ကွန်မြူနတီဒိုင်းဟာ ပြည်တွင်းမှာ ကျွန်တော်တို့ ယူဖို့ကျန်နေတဲ့ နောက်ဆုံးဖလားဖြစ်လို့ပါပဲ”ဟု ပြောကြားသည်။