ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏ အနာဂတ်နှင့်ပတ်သက်သည့် အလေးပေးချက်များတွင် မန်ယူအသင်း၌ ဆက်လက်ကစားသွားမည်ဟူသော အလေးပေးချက်မှာ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
ဗြိတိန်နာမည်ကြီးလောင်းကစားကုမ္ပဏီ BET 365 က ထုတ်ပြန်ထားသည့် စီရော်နယ်လ်ဒို လာမည့်ရာသီ၌ ကစားမည့် ကလပ်အသင်း အလေးပေးချက်များတွင် မန်ယူအသင်း၌ ဆက်လက်ကစားမည်က ၈း၁၁ လေးဖြင့် ထိပ်ဆုံး၌ရှိနေခြင်းဖြစ်သည်။ ဒုတိယ နေရာတွင် လတ်တလောသတင်းထွက်နေသည့် အက်သလက်တီကို အသင်းက ၁၁း၄ လေးဖြင့်ရှိနေပြီး အသင်းတာဝန်ရှိသူများကိုယ်တိုင် ငြင်းဆန်ထားသည့် ဘိုင်ယန်မြူးနစ်အသင်းက ၆း၁ လေးဖြင့် တတိယနေရာ၌ရှိနေသည်။
ယင်းနောက်တွင် စပို့တင်းလစ္စဘွန်း အသင်းက ၈း၁ လေး၊ ချယ်လ်ဆီးအသင်းက ၁၆း၁ လေး၊ ရီးယဲလ်မက်ဒရစ်အသင်းက ၁၈း၁ လေး၊ ဂျူဗင်တပ်စ်အသင်းက ၂ဝး၁ လေး၊ PSG အသင်းနှင့် ရိုးမားအသင်းက ၃၃း၁ လေးစီ၊ နာပိုလီ၊ မန်စီးတီးနှင့် မေဂျာလိဂ်ကလပ်အသင်းတစ်သင်းသင်းက ၄ဝး၁ လေးဖြင့် ရှိနေကြောင်း သိရသည်။
မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် တနင်္လာနေ့က အင်္ဂလန်သို့ ပြန်လည်ရောက်ရှိလာပြီး သူ၏အနာဂတ် အတွက် ဇူလိုင်လ ၂၆ ရက်တွင် မန်ယူအသင်းနည်းပြ တန်ဟက်ဂ် အပါအဝင် အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရ သည်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုသည် နွေရာသီအနားပေးချိန်အတွင်း ပေါ်တူဂီသို့ ပြန်သွားခဲ့ပြီးနောက် အသင်းမှ ထွက်ခွာခွင့်ပေးရန် တောင်းဆိုခဲ့ပြီး သတ်မှတ်ရက်တွင် မိသားစုကိစ္စအကြောင်းပြချက်ဖြင့် မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်းခြင်းမရှိကြောင်း သိရသည်။
၎င်းသည် ပေါ်တူဂီရှိ နိုင်ငံလက် ရွေးစင်အသင်း၏လေ့ကျင့်ရေးစခန်းတွင်သာ လေ့ကျင့်မှုများ ပြုလုပ်နေခဲ့ပြီး အသင်းသစ်ရှာဖွေခဲ့သော်လည်း အပြောင်းအရွှေ့ ဖြစ်ပေါ် လာခြင်း မရှိခဲ့ပေ။ မန်ယူအသင်းကလည်း စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးသည့် ၎င်းင်းကို ရောင်းထုတ်လိုခြင်းမရှိကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ နည်းပြ တန်ဟက်ဂ်ကိုယ်တိုင်က ရာသီကြိုခရီးစဉ်မစတင်မီတွင် “ခရစ္စတီယာနိုနဲ့ ကျွန်တော် စကားကောင်းကောင်းပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့အကြား ပြောဆိုမှုတွေ အဆင်ပြေခဲ့တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု အတိအလင်း ဖွင့်ဟထားခဲ့သည်။