ချယ်လ်ဆီးအသင်းသည် အင်တာမီလန်အသင်းထံ အငှားစေလွှတ်ထားသည့် တိုက်စစ်မှူး လူကာကူ၏ တစ်ရာသီအငှားစာချုပ်အား နောက်ထပ်တစ်ရာသီ ထပ်မံသက်တမ်းတိုးခွင့်ပြုဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
အင်တာမီလန်အသင်းနှင့် စီးရီးအေချန်ပီယံဆု ပိုင်ဆိုင်ပြီးနောက် လူကာကူသည် ငယ်ဘဝကလပ်ချယ်လ်ဆီးအသင်းထံ ပြီးခဲ့သည့်ရာသီတွင် ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော် မျှော်လင့်ထားသလောက်ခြေစွမ်းမပြနိုင်သည့်အတွက် လူကာကူကို ချယ်လ်ဆီးအသင်းက လက်ရှိနွေရာ သီအပြောင်းအရွှေ့ကာလ၌ အင်တာမီလန်အသင်းထံ အငှားပြန်လည်စေလွှတ်ခဲ့သည်။
အင်တာမီလန်အသင်းသည် လူကာကူကို တစ်ရာသီအငှား ခေါ်ယူရန်အတွက် ပေါင် (၆ .၉)သန်း ပေးခဲ့ရပြီး ယခုအခါ ချယ်လ်ဆီးဘက်က နောက်ထပ်တစ်ရာသီ အငှားခေါ်ယူနိုင်သည်ဟုကမ်းလှမ်းခဲ့ကြောင်း Telegraph က ဖော်ပြခဲ့သည်။
အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီကမူ လူကာကူ ပြန်လည်ရောက်ရှိလာသဖြင့် ဝမ်းမြောက်မိကြောင်း ပြောကြားဖူးပြီး လက်ရှိတိုက်စစ်အစုအဖွဲ့ကို မျှော်လင့်ချက် ကြီးမားလျက်ရှိသည်။
ဆီမြွန်နီအင်ဇာဂီက “ကျွန်တော်တို့အသင်းမှာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု လိုအပ်နေသေးပေမဲ့ ပိုပြီးတိုးတက်လာမယ့် အခြေအနေရှိနေပါတယ်။ လက်ရှိအသင်းက ပြင်ဆင်ချိန်နည်းနေသေးပြီး ပြင်ဆင်ရမှာတွေ ရှိပါသေးတယ်။ ဒါပေမဲ့ တိုက်စစ်အစုအဖွဲ့ကို ကျွန်တော်ကျေနပ်မိ ပြီး မျှော်လင့်ချက်ကြီးကြီးမားမားထား နေပါတယ်” ဟု ပြောကြားခဲ့သည်။
လူကာကူသည် အင်တာမီလန် ကစားသမားဘဝပထမအကြိမ်တွင် (၉၅)ပွဲကစားပြီး (၆၄)ဂိုး သွင်းယူပေးခဲ့ကြောင်း သိရသည်။