spot_img

ဂိုးပြတ်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ခဲ့တဲ့ PSG

လိုက်ပ်ဇစ် ၀-၃ PSG

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမနေ့ပွဲစဉ်မှာတော့ PSG အသင်းက လိုက်ပ်ဇစ်ကို ဂိုးပြတ်အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

myan789

လိုက်ဇစ်အသင်းဟာ ၃-၄-၃ ပုံစံနဲ့ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ ပေါလ်ဆင်ကို အထောင်ထားကာ လူစုံထုတ်ကစားခဲ့ပါတယ်။ PSG အသင်းကတော့ ပွဲပယ်ပြစ်ဒဏ်ကလွတ်လာတဲ့ ဒီမာရီယာနဲ့ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဘာပေတို့ကို တိုက်စစ်မှာ နေမာနဲ့ တွဲဖက်ပြီး ပွဲထုတ်ခဲ့တာပါ။

PSG အသင်းဟာ ပွဲကစတည်းက ဘောလုံးပိုင်ဆိုင်မှုအသာ ခြေစွမ်းအသာနဲ့ ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ပွဲချိန် (၅)မိနစ်လောက်မှာ ဘာပေရဲ့ ပေးပို့မှုကနေ နေမာ ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်ခွင့်ရခဲ့ပေမယ့် ထိုင်ထိထွက်ခဲ့လို့ PSG တို့ စောစောစီးစီး ဂိုးမရခဲ့တာပါ။

ဒါပေမဲ့ ပွဲချိန် (၁၃) မိနစ်မှာတော့ PSG အသင်း အဖွင့်ဂိုးရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကနေ ဒီမာရီယာ တင်ပေးတာကို မာကင်ဟို့စ်က ခေါင်းတိုက် သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ PSG အသင်းအတွက် ဥရောပပြိုင်ပွဲ(ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်)မှာ (၃၄)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ရီးယဲလ်အသင်းနဲ့ စံချိန်တူညီခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း PSG အသင်းကပဲ အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့ပြီး လိုက်ပ်ဇစ်ဘက်ကတော့ ပေါလ်ဆင်ရဲ့ ကန်ချက် ဂိုးဘေး ကပ်ထွက်တာလောက်ပဲ ရင်ခုန်စရာကောင်းခဲ့တာပါ။

PSG အသင်းဘက်က ဂိုးသွင်းခွင့်တွေကို နေမာ၊ ဘာပေတို့ အသုံးချနိုင်ခြင်းမရှိပေမယ့် ပွဲချိန် (၄၂) မိနစ်မှာတော့ လိုက်ပ်ဇစ်ဂိုးသမားနဲ့ နောက်တန်းအမှားကနေ PSG တို့ အခွင့်အရေးရခဲ့ပြီး နေမာ ဖန်တီးပေးတာကို ဒီမာရီယာက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းယူလို့ ပထမပိုင်းမှာ PSG တို့ (၂-၀)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လိုက်ပ်ဇစ်အသင်းဟာ ပက်ထရစ်ရှစ်၊ ဖော့ဘတ်စ်တို့ကို ထည့်ကစားပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။

ဒါပေမဲ့ PSG အသင်းရဲ့ ခံစစ်ကို မကျော်နိုင်ဘဲ ပွဲချိန် (၅၆)မိနစ်မှာ တတိယဂိုး ခွင့်ပြုခဲ့ရပြန်ပါတယ်။ ဒီမာရီယာ ဖန်တီးပေးတာကို နောက်ခံလူ ဘားနတ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ကျန်ပွဲချိန်တွေမှာ လိုက်ပ်ဇစ်တို့ ချေပဂိုးတွေ ရဖို့အတွက် တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် PSG နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

PSG ကတော့ (၃)ဂိုးပြတ်ဦးဆောင်ပြီးနောက်မှာ ပွဲကို ထိန်းကစားသွားခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ လိုက်ပ်ဇစ်အသင်းကို ပြန်လည်ခြိမ်းခြောက်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိလို့ PSG အသင်းက (၃-၀)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular