အက်သလက်တီကိုအသင်း၏ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်က မိမိအနေဖြင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ် နေသော်လည်း ယခုနွေရာသီတွင် အက်သလက်တီကိုအသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
အသက် (၂၂) နှစ်အရွယ်ရှိ ၂၀၁၉ ခုနှစ် Golden Boy ဆုရှင် ဂျော်အိုဖေးလစ်အားခေါ်ယူရန် ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းမှ ပစ်မှတ်ထားနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများအပေါ် ဂျော်အိုဖေးလစ်က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျော်အိုဖေးလစ်က ”ကျွန်တော် အက်သလက်တီကိုက ထွက်ခွာမယ်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အက်သလက်တီကိုအသင်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော် တွေးတာက ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ဘယ်လိုအကောင်းဆုံးအသုံးချမလဲဆိုတာပါပဲ” ဟု Marca သတင်းစာသို့ ပြောကြားခဲ့သည်။
ဂျော်အိုဖေးလစ်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က ဘင်ဖီကာမှ အက်သလက်တီကိုသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၂၆)သန်းဖြင့်ပြောင်းရွှေ့လာသူဖြစ်သည်။
ဂျော်အိုဖေးလစ်အနေဖြင့် အက်သလက်တီကိုနှင့်အစောပိုင်းကာလများတွင် ပုံမှန်ခြေစွမ်းရရန်ရုန်းကန်ခဲ့ရသော်လည်း ယခုနောက်ပိုင်းရာသီများတွင်မူ ပုံစံကောင်း ပြန်လည်ရရှိလာပြီး အသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံနေရခြင်းဖြစ်သည်။
လက်ရှိတွင် ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုနှင့် ၂၀၂၆ နွေရာသီအထိစာချုပ်သက်တမ်းကျန်ရှိနေသေးသည်။