ကင်မရွန်းတိုက်စစ်မှူးဟောင်းဖြစ်သူ အီတူးသည် ဘာစီလိုနာအသင်းတွင်ကစား စဉ် ပုံရိပ်အသုံးပြုခ ရရှိသည့်ဝင်ငွေများမှ ပေါင် ၃ ဒသမ ၂ သန်းအထိ အခွန်ရှောင်တိမ်းကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
အာဖရိကအကောင်းဆုံးဘောလုံးသမားဆု လေးကြိမ်အထိ ရရှိထားသူ အီတူး သည် ဇွန်လ ၂၀ ရက်က တရားရုံးသို့ လာ ရောက်ခဲ့ပြီး ပြစ်မှုထင်ရှားပါက ဆိုင်းငံ့ထောင် ဒဏ် ၂၂ လအထိ ချမှတ်ခံရဖွယ်ရှိသည်။ ၎င်းအနေဖြင့် ယင်းအခွန်ငွေများကို ပြန်လည် ပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ကြေးအဖြစ် ပေါင် ၁ ဒသမ ၅၅ သန်း ထပ်ဆောင်းပေးရဖွယ်ရှိနေသည်။
လက်ရှိတွင် ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ အီတူးသည် ၂၀၀၆ မှ ၂၀၀၉ ခုနှစ်အတွင်း ပုံရိပ်အသုံးပြုခမှရရှိသည့်ဝင်ငွေကို ကြေညာရန် ပျက်ကွက်ခဲ့သည်ဟု အစိုးရရှေ့နေ့များက စွပ်စွဲခဲ့ကြသည်။ အီတူးအနေဖြင့် လတ်တလောနှစ်အပိုင်းအခြားအတွင်း စီရော်နယ်လ်ဒို၊ မက်ဆီ၊ မော်ရင်ဟို၊ နေမာတို့ပြီးနောက် စပိန်နိုင်ငံတွင် အခွန်ရှောင်တိမ်းမှုကြောင့် တရားစွဲဆိုခဲ့သည့် နိုင်ငံခြားသားကစားသမားနှင့် နည်းပြစာရင်းတွင် နောက်ဆုံးပါဝင်လာသူဖြစ်သည်။
အီတူးသည် ဘာစီလိုနာမြို့ ရှိ Ciudad de la Justica တရားရုံးသို့ အေးဂျင့်ဟောင်းဖြစ်သူ မက်ဆဲလက်စ်နှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၄၁ နှစ်အရွယ်ရှိ အီတူးသည် ၂၀၀၄ ခုနှစ်တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ပြီး ကစားသမားဘဝတွင် ရီးယဲလ်မက်ဒရစ်၊ အင်တာမီလန်၊ ချယ်လ်ဆီး၊ အဲဗာတန်အသင်းများ တွင်လည်း ကစားခဲ့ကာ ၂၀၁၉ ခုနှစ်တွင် အနားယူခဲ့သူဖြစ်သည်။