ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည့် အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားကိုခေါ်ယူရန် အင်တာမီလန်အသင်း ကြိုးစားနေပြီး ယခုအခါ တစ်နှစ်လစာယူရို (၅)သန်းဖြင့် ကမ်းလှမ်းမှုအား ကစားသမားဖြစ်သူက ငြင်းဆန်ခဲ့သဖြင့် လာမည့်ရက်သတ္တပတ်အတွင်း ဆွေးနွေးမှုများထပ်မံပြုလုပ်ရဦးမည်ဖြစ်ကြောင်း Sky Sports Italia က ဖော်ပြခဲ့သည်။
ဒီဘားလားကို ခေါ်ယူရန် ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားနေသော်လည်း အင်တာမီလန်အသင်းနှင့် အပြောင်းအရွှေ့သတင်းများ ပိုမိုထွက်ပေါ်လျက်ရှိသည်။
ယခုအခါ Sky Sports Italia က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အင်တာမီလန်အသင်းတာဝန်ရှိသူများသည် ဒီဘားလား၏ အပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိသော်လည်း အင်တာမီလန်အသင်းအနေဖြင့် တစ်နှစ်လစာ ယူရို (၅)သန်းဖြင့် ကမ်းလှမ်းခဲ့ဖူးပြီး ကစားသမားဖြစ်သူက အနည်းဆုံးတစ်နှစ်လစာ ယူရို (၇)သန်းအထိအလိုရှိ နေကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် အင်တာမီလန်အသင်း အနေဖြင့် ဒီဘားလား၏ လစာကိစ္စအပြင် ဒီဘားလား၏ အေးဂျင့် ဂျော့ချ်အန်တန်အတွက် အေးဂျင့်ကြေးကိုလည်း ညှိနှိုင်းမှုများပြုလုပ်ရဦးမည်ဖြစ်ကြောင်း သိရသည်။
အင်တာမီလန်အသင်းသည် ဒီဘားလားအပြင် ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကိုလည်း ပြန်လည်ခေါ်ယူရန်ကြိုးပမ်းလျက်ရှိသည်။ လက်ရှိအချိန်တွင် အင်တာမီလန်အသင်း၌ တိုက်စစ်မှူးများအဖြစ် ဂျက်ကိုနှင့် လော်တာရိုမာတီနက်ဇ်တို့ရှိနေသော်လည်း ဒီဘားလားနှင့် လူကာကူတို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ထွက်ပေါ်ခဲ့သည့်သတင်းများအရ အင်တာမီလန်အသင်းသည် ဒီဘားလားနှင့် လူကာကူကို ခေါ်ယူနိုင်ခဲ့ပါက ဂျက်ကိုအား ရောင်းထုတ်သွားမည်ဖြစ်သလို၊ လော်တာရိုမာတီနက်ဇ်ကိုမူ အတတ်နိုင်ဆုံးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
လူကာကူက ချယ်လ်ဆီးအသင်းမှ ထွက်ခွာ၍ အင်တာမီလန်အသင်းထံ ပြန်လည်ပြောင်းရွှေ့ ရန် စိတ်အားထက်သန်နေပြီး လာမည့်ရက်သတ္တပတ် (၂)ပတ်အတွင်း ပြောင်းရွှေ့ခွင့်ရရန် ရည်မှန်းထားသည်။
အင်တာမီလန်အသင်းသည် လူကာကူကို ယူရို (၁၅)သန်းတန် အငှားစာချုပ်ဖြင့်ခေါ်ယူရန် ဆန္ဒရှိနေပြီး စွမ်းဆောင်ရည် အပေါ်မူတည်၍ အပိုဆုကြေးများပေးသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။