မန်ယူအသင်းနှင့် လမ်းခွဲပြီး ဂျူဗင်တပ်စ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်သည့် ပြင်သစ်ကွင်းလယ်ကစား သမား ပေါ့ဘာက မန်ယူအသင်း မှားယွင်းကြောင်း သက်သေပြလိုခြင်းကြောင့် လမ်းခွဲရန်ဆုံးဖြတ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။
ပေါ့ဘာသည် မန်ယူအသင်းသို့ ယင်းအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ စာချုပ်သက်တမ်းကုန်ဆုံး၍ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြန်လည်ထွက်ခွာတော့မည်ဖြစ်သည်။
ထို့ကြောင့် မန်ယူအသင်းအနေဖြင့် နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းအပေါ် ဝေဖန်ပြစ်တင်မှုများလည်း ရှိခဲ့သည်။
ယင်းအတွက် ပေါ့ဘာက ၎င်းအား သက်တမ်းတိုးရန် မန်ယူအသင်းက အချိန်ဆွဲနေခဲ့ခြင်းကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ခြေစွမ်းအပေါ် သံသယဝင်ခဲ့ခြင်းအတွက် မှားယွင်းကြောင်း သက်သေပြလိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးအခြေအနေတွင် မန်ယူအသင်းက ၎င်းကို တစ်ပတ်ပေါင်(၃)သိန်းဖြင့် သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သည်ဟုလည်း ဆိုခဲ့သည်။