မန်ယူအသင်း၏ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိအနေဖြင့် အသင်းတွင် အလွန်ပျော်ရွှင်နေကြောင်း အသင်း တီဗွီနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အသက် ၃၇ နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ် အသင်းမှ မန်ယူအသင်းထံသို့ မျှော်လင့်ချက်ကြီးစွာ ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။ သို့ သော် မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၁ -၂၂ ရာသီတွင် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရမှတ် ၅၈ မှတ်ဖြင့် အဆင့် (၆) သာရရှိခဲ့ပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့သလို ချန်ပီယံဖြစ်သွားသည့် မန်စီးတီးအသင်း (၉၃ မှတ်) နှင့်လည်း ၃၅ မှတ်အထိ ကွာဟခဲ့သည်။
မန်ယူအသင်း အနေဖြင့် ယင်းကဲ့သို့ ရုန်းကန်ခဲ့ရသော်လည်း စီရော်နယ်လ်ဒိုသည် နည်းပြသစ် တန်ဟက်ဂ် လက်ထက်တွင် မန်ယူအသင်း တိုးတက်လာမည်ဟုယုံကြည်နေပြီး မိမိအနေဖြင့် အသင်းတွင် အလွန်ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုက “ကျွန်တော့်ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ကလပ်အသင်းဆီကို ပြန်ရောက်လာတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် ပြန်လာတာက အသင်းပရိသတ်တွေကို ပျော်စေသလို ကျွန်တော့်အနေနဲ့လည်း အရမ်းပျော်ရွှင်ရပါတယ်။ အသင်းကိုပြန်လာတုန်းက အရမ်းပျော်ရွှင်ခဲ့ရသလို အခုအချိန်မှာလည်း ကျွန်တော် အရမ်းပျော်နေပါတယ်” ဟု ပြောကြားခဲ့သည်။