ဗီလာရီးယဲလ် – လီဗာပူးလ် (မြန်မာစံတော်ချိန် မေလ ၄ ရက် နံနက် ၁း၃၀ နာရီ)
ပထမအကျော့ရလဒ် – လီဗာပူးလ် ၂-၀ ဗီလာရီးယဲလ်
လီဗာပူးလ်က (၁၀)ကြိမ်မြောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်ဖို့အတွက် မိနစ် (၉၀) အကွာအဝေးပဲ ကျန်တော့တယ်။ ပထမအကျော့ရလဒ်အရ လီဗာပူးလ်ရဲ့ ဗိုလ်လုပွဲအိပ်မက်က ဖြစ်လာဖို့လည်း နီးစပ်နေတယ်လို့ ဆိုရမယ်။ ပထမအကျော့တုန်းက ဗီလာရီးယဲလ်ကို ထိန်းချုပ်ကစားခဲ့ပုံက အထင်ကြီးစရာကောင်းပြီး ဗီလာရီးယဲလ်အသင်းက မိနစ် (၉၀)မှာ ဂိုးပေါက်တည့် ကန်ချက်တစ်ကြိမ်သာရတဲ့အထိ အခြေအနေဆိုးခဲ့တယ်။ လီဗာပူးလ်အသင်းရဲ့တိုက်စစ်က ပုံမှန်ခြေစွမ်းလောက်သာ ပြသနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းက အကောင်းဆုံးပုံစံပြသနိုင်ခဲ့တယ်။ လီဗာပူးလ်အသင်းရဲ့ခံစစ်က အရမ်းစိတ်ချရတဲ့အနေအထားမှာ ရှိနေပြီး ကျော်ဖြတ်ဖို့လည်း ခက်တယ်။ ဗန်ဒိုက်နဲ့ ဘယ်သူပဲတွဲတွဲ အကောင်းဆုံးပုံစံပြသနိုင်တယ်။ ဒီပွဲမှာလည်း ဗီလာရီးယဲလ်ဆီက ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကိုမြင်ရမယ်လို့ မျှော်လင့်ရတဲ့တိုင် အဓိကပြဿနာက လီဗာပူးလ်ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲနေတာဖြစ်တယ်။ လီဗာပူးလ်သာ တစ်ဂိုးသွင်းရင် (၄) ဂိုးရမှ နောက်တစ်ဆင့်တက်မယ့် ဗီလာရီးယဲလ်အတွက် ဒီပွဲမှာ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်တို့ကို ကျော်ဖြတ်သလိုကျော်ဖြတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ လီဗာပူးလ်ပဲ ကြိုက်တယ်။