လီဗာပူးလ်အသင်းသည် အီဂျစ်တိုက်စစ်မှူး ဆာလာကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုနိုင်ရန် နီးစပ်လာပြီဖြစ်ပြီး တစ်ပတ်ပေါင်(၄)သိန်းဖြင့် (၄)နှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လာမည့်ဇွန်လတွင် အသက်(၃၀)ပြည့်တော့မည့် ဆာလာသည် ၂၀၂၃ ခုနှစ်၌ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သော်လည်း လစာနှုန်းထားနှင့်ပတ်သက်၍ သဘောတူညီမှုမရသောကြောင့် အဆင်မပြေဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆာလာသည် မန်ယူအသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုနည်းတူ တစ်ပတ်ပေါင်(၅)သိန်း ရရှိရန် တောင်းဆိုခဲ့သောကြောင့် သက်တမ်းတိုးရန် အခက်တွေ့ခဲ့ခြင်းဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
သို့သော် ယခုအခါ ဆာလာသည် ယင်းတောင်းဆိုမှုအပေါ် ပြန်လည်ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာလအတွင်းက ပယ်ချခဲ့သော တစ်ပတ်ပေါင်(၄)သိန်းနှုန်းဖြင့်ပင် (၄)နှစ်စာချုပ်သစ် ချုပ်ဆိုသွားရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဆာလာအနေဖြင့် ၂၀၂၆ ခုနှစ်အထိ လီဗာပူးလ်အသင်းတွင် ဆက်ရှိသွားမည်ဖြစ်ပြီး ကစားသမားဘဝကို အန်ဖီးလ်၌ပင် အဆုံးသတ်သွားမည့် အခြေအနေလည်းဖြစ်နေသည်။
ဆာလာသည် ၂၀၁၇ ခုနှစ်တွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃၆.၅)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့သည်။
ယင်းစာချုပ်အရ ဆာလာသည် လီဗာပူးလ်အသင်းတွင် တစ်ပတ်ပေါင်(၂)သိန်းရရှိနေပြီး လက်ရှိအချိန်၌ အသင်း၏ အရေးအပါဆုံးကစားသမားတစ်ဦး ဖြစ်နေခြင်းကြောင့် မြင့်မားသည့် လစာနှုန်းထား တိုးမြှင့်တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသတင်းကို အစောပိုင်းတွင် လီဗာပူးလ်အသင်းက ငြင်းဆန်ခဲ့သော်လည်း မီဒီယာများစွာက မှန်ကန်ကြောင်းဖော်ပြခဲ့ကြသလို၊ သဘောတူညီမှုမရခဲ့ပါက လာမည့်နွေရာသီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်းလည်း သုံးသပ်ခဲ့ကြသည်။
ဆာလာသည် PSG သို့မဟုတ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ လီဗာပူးလ်အသင်းတွင် ဆက်နေရန်သာ ရွေးချယ်ပြီး မူလက တစ်ပတ် ပေါင်(၅)သိန်း တောင်းဆိုထားရာမှ ပေါင်(၄)သိန်းနှင့်သာ (၄)နှစ်စာချုပ် ချုပ်ဆိုတော့မည်ဟု သိရသည်။