ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် Deloitte မှ ထုတ်ပြန်သည့် ၂၀၂၀-၂၁ ရာသီ၏ ဝင်ငွေအကောင်းဆုံးကလပ်အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယင်းသို့ရပ်တည်နိုင်ခဲ့ခြင်းမှာ အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ၂၀၂၀-၂၁ ရာသီတွင် ဝင်ငွေ ယူရို(၆၄၄.၉)သန်း ရရှိခဲ့ပြီး ဒုတိယနေရာမှ ရီးယဲလ်အသင်းကို (၄) သန်းကျော်အသာရရှိခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ၂၀၁၉-၂၀ ရာသီတွင် အဆင့်(၆)နေရာသာရရှိခဲ့ပြီး ဘာစီလိုနာအသင်းက ထိပ်ဆုံးနေရာရရှိခဲ့သော်လည်း ကိုဗစ်ကပ်ဘေးကာလ အင်အားချိန်ခွင်လျှာအပြောင်းအလဲကြောင့် ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Deloitte သည် ဥရောပဘောလုံးလောက၏ စျေးကွက်အခြေအနေနှင့် ဝင်ငွေထွက်ငွေများကို စဉ်ဆက်မပြတ်ဖော်ပြပေးနေသည့် စာရင်းအင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကလပ်အသင်းများ၏ ရာသီအလိုက် ဝင်ငွေရရှိမှုကို ၁၉၉၆-၉၇ ရာသီမှစ၍ စာရင်းပြုစုဖော်ပြပေးနေခြင်းဖြစ်သည်။
အဆိုပါ(၂၅)နှစ်တာ မှတ်တမ်းတွင် မန်စီးတီးအသင်းသည် ထိပ်ဆုံးနေရာ ရယူနိုင်သည့် စတုတ္ထမြောက်အသင်း ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
မန်စီးတီးမတိုင်မီ ထိပ်ဆုံးနေရာရယူနိုင်ခဲ့သည့်အသင်းများမှာ မန်ယူ၊ ရီးယဲလ်နှင့် ဘာစီလိုနာတို့ဖြစ်သည်။
ထို့ကြောင့် ဥရောပ၏ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲနှစ်ခုမှ အသင်းများသာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မန်စီးတီးအသင်းသည် ၁၉၉၆-၉၇ ရာသီတွင် ဝင်ငွေ ပေါင်(၁၂.၇)သန်းသာရှိခဲ့ရာမှ ယခုအခါ ပေါင်(၅၇၁.၁)သန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၁၉-၂၀ ရာသီထက် ဝင်ငွေ(၁၇%)ပိုမို ရရှိလာခဲ့ကြောင်းလည်း သိရသည်။
မန်စီးတီးက ထိပ်ဆုံးနေရာ ရောက်ရှိလာခဲ့သလို၊ ဝင်ငွေအကောင်းဆုံးအသင်း(၂၀)စာရင်းတွင် ပရီးမီးယားလိဂ်အသင်း (၁၁)သင်းအထိ ပါဝင်ခဲ့သည်။
ထို့ကြောင့် ကိုဗစ်ကပ်ဘေးကာလအတွင်းမှာပင် ပရီးမီးယားလိဂ်အသင်းများက ပြိုင်ဘက်လိဂ်မှ အသင်းများကို အသာစီးယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖြစ်နေခြင်းမှာ ပရီးမီးယားလိဂ်၏ ရုပ်သံဝင်ငွေက ပြိုင်ဘက်များထက် သာလွန်နေခြင်းကြောင့်ဖြစ်ကြောင်း Deloitte က သုံးသပ်ခဲ့သည်။
Deloitte မှ ထုတ်ပြန်သည့် ၂၀၂၀-၂၁ ရာသီ၏ ဝင်ငွေအကောင်းဆုံးအသင်းများ
အဆင့် အသင်း ဝင်ငွေ(ယူရို)
(၁) မန်စီးတီး ၆၄၄.၉ သန်း
(၂) ရီးယဲလ် ၆၄၀.၇ သန်း
(၃) ဘိုင်ယန်မြူးနစ် ၆၁၁.၄ သန်း
(၄) ဘာစီလိုနာ ၅၈၂.၁ သန်း
(၅) မန်ယူ ၅၅၈ သန်း
(၆) PSG ၅၅၆.၂ သန်း
(၇) လီဗာပူးလ် ၅၅၀.၄ သန်း
(၈) ချယ်လ်ဆီး ၄၉၃.၁ သန်း
(၉) ဂျူဗင်တပ်စ် ၄၃၃.၅ သန်း
(၁၀) စပါး ၄၀၆.၂ သန်း
(၁၁) အာဆင်နယ် ၃၆၆.၅ သန်း
(၁၂) ဒေါ့မွန် ၃၃၇.၆ သန်း
(၁၃) အက်သလက်တီကို ၃၃၂.၈ သန်း
(၁၄) အင်တာမီလန် ၃၃၀.၉ သန်း
(၁၅) လက်စတာ ၂၅၅.၅ သန်း
(၁၆) ဝက်စ်ဟမ်း ၂၂၁.၅ သန်း
(၁၇) ဝုလ်ဗ် ၂၁၉.၂ သန်း
(၁၈) အဲဗာတန် ၂၁၈.၁ သန်း
(၁၉) ဇင်းနစ် ၂၁၂.၀ သန်း
(၂၀) အက်စတွန်ဗီလာ ၂၀၇.၃ သန်း