မန်ချက်စတာဒါဘီပွဲစဉ်တွင် အသင်းကိုအားပေးသည့်အစား ပေါ်တူဂီသို့ စီရော်နယ်လ်ဒို ပြန်သွားခြင်းအတွက် အသင်းဖော်များက အံ့အားသင့်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ယင်းပွဲစဉ်တွင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဒဏ်ရာအကြောင်းပြချက်ဖြင့် ချန်လှပ်ထားခဲ့ခြင်းနှင့်ပတ်သက်၍ ရန်းနစ်က ပွဲအပြီးတွင် ရှင်းလင်းခဲ့သည်။
”ကျွန်တော့်ဆေးအဖွဲ့ကို ယုံကြည်ပါတယ်။ သောကြာနေ့ နံနက်ပိုင်း လေ့ကျင့်မှုမလုပ်ခင်မှာ ဆရာဝန်က ကျွန်တော့်ဆီလာတွေ့ပြီး ခရစ္စတီယာနိုက တင်ပါးမှာ ပြဿနာတချို့ရှိနေလို့ လေ့ကျင့်မှုမလုပ်နိုင်ဘူးလို့ ပြောပါတယ်။ စနေနေ့မှာလည်း အဲဒီအတိုင်း ဖြစ်ခဲ့တာ အမှန်ပါပဲ။ ဒါကြောင့် သူ့အနေနဲ့ လူစာရင်းမှာ မပါဝင်တာပါ”ဟု ရှင်းလင်းပြောကြားသည်။
စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပွဲ(၃၀)ကစားပြီး (၁၅)ဂိုး သွင်းယူပေးထားသည်။
ချန်ပီယံလိဂ်ဝင်ခွင့်အပြင်ဘက် အဆင့် ၅ နေရာသို့ ဆင်းပေးခဲ့ရသည့် မန်ယူအသင်းယာယီနည်းပြ ရန်းနစ်ကမူ မန်စီးတီးနှင့်ကွာဟမှုကို လိုက်မီရန် အဝေးကြီးလိုသေးကြောင်း ဝန်ခံပြောကြားသည်။
”ကျွန်တော်တို့ကစားပုံကောင်းတယ်လို့ ထင်ပါတယ်။ ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့တယ်။ အစောကြီးဂိုးပေးလိုက်ရလို့ ခက်ခဲသွားတာပါ။ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပြီး အရမ်းကောင်းတဲ့ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့ပေမဲ့ တန်ပြန်တိုက်စစ်ကနေ နောက်ထပ်တစ်ဂိုး ခွင့်ပြုခဲ့ရတယ်။ ဒါက ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာဖြစ်လို့ အရမ်းခက်ခဲပါတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ စတုတ္ထမြောက်ဂိုး ပေးလိုက်ရတယ်။ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ကွာဟမှုကိုလိုက်မီဖို့အတွက် ခရီးအဝေးကြီး လိုသေးတယ်ဆိုတာ ပြသလိုက်တာပါပဲ”ဟု ရန်းနစ်က ပြောကြားသည်။