PSG အသင်းအားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက ပြင်သစ်ကြယ်ပွင့်ကစားသမား ဘာပေ အသင်း၌ ဆက်ရှိနေစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
အသက် (၂၃)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဘာပေနှင့် PSG အသင်း၏ စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး (၄)လသာ ကျန်ရှိတော့သည်။
ဘာပေအနေဖြင့် နွေရာသီတွင် ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့် ရရှိထားပြီဖြစ်သလို၊ ဇန်နဝါရီကတည်းက အခြားကလပ်များနှင့် လွတ်လပ်စွာဆွေးနွေးခွင့်နှင့် အကြိုသဘောတူညီမှုယူခွင့် ရရှိထားသည်။
သို့သော် ၎င်းအနေဖြင့် အခြားကလပ်အသင်းများနှင့် သဘောတူညီမှုရယူထားခြင်းမရှိသေးသဖြင့် အသင်း၌ ဆက်ရှိနေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လီယိုနာဒိုက ပြောကြားခြင်းဖြစ်သည်။
PSG အသင်းသည် ဘာပေအား တစ်နှစ်လစာ ယူရိုသန်း (၅၀) ဖြင့် နှစ်နှစ် သက်တမ်းတိုးစာချုပ်၊ သစ္စာစောင့်သိဆုကြေးအဖြစ် ယူရိုသန်း (၂၀၀) အထိ ပေးချေရန် ကမ်းလှမ်းထားသည့်သတင်းများကိုမူ လီယိုနာဒိုက ငြင်းဆန်ပယ်ချခဲ့သည်။