spot_img

ဗီလာရီးယဲလ်နှင့်ပွဲတွင် ဂိုးသွင်းအပြီး အောင်ပွဲခံသည့်အမူအရာသည် မိသားစုဝင်တစ်ဦးကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ဗလာဟိုဗစ် ရှင်းလင်း

ဗီလာရီးယဲလ်အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူူပေးပြီးနောက် အောင်ပွဲခံသည့်အမူအရာနှင့်ပတ်သက်ပြီး တိုက်စစ်မှူး ဗလာဟိုဗစ်က မိသားစုဝင်တစ်ဦးကို ရည်ညွှန်းအောင်ပွဲခံခြင်းသာ ဖြစ်သည်ဟု ပြန်လည်ရှင်းလင်းခဲ့သည်။

ဗီလာရီးယဲလ်အသင်းနှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက် ဗလာဟိုဗစ်က “စကားပြောသည့် ဟန်ပန်မျိုး” ပြုလုပ်ပြ၍ အောင်ပွဲခံခဲ့ကြောင်း သိရသည်။ အီတလီမီဒီယာအချို့က ဗလာဟိုဗစ်သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ သူ့အပေါ်ဝေဖန်ခဲ့သော မီဒီယာများကို ရည်ရွယ်၍ ယခုကဲ့သို့ အောင်ပွဲခံခြင်းဖြစ်ကြောင်း ယူဆခဲ့ကြသည်။

myan789

အဆိုပါ အောင်ပွဲခံပုံနှင့်ပတ်သက်၍ ဗလာဟိုဗစ်က “လူတွေက ဘာလို့များ ငြင်းခုံချင်နေကြသလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ မီဒီယာတွေရေးတာကိုလည်း ကျွန်တော် မဖတ်ပါဘူး။ ကျွန်တော်က နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကို တိုးတက်အောင်ပဲ ကြိုးပမ်းနေပါတယ်။ ကျွန်တော့်ရဲ့ အောင်ပွဲခံပုံဟာ သူတို့ (မီဒီယာ တွေ)ကို မရည်ရွယ်ပါဘူး။ ကျွန်တော့်မိသားစုဝင်တစ်ဦးကို ရည်ရွယ်ပြီး နှုတ်ဆက်ခဲ့တာပါ။ ကျွန်တော်က ကွင်းထဲမှာ အစွမ်းပြနိုင်အောင်ပဲ အာရုံစိုက်ထားတယ်” ဟု ပြောကြားခဲ့သည်။

ဗလာဟိုဗစ်သည် ဗီလာရီးယဲလ်အသင်းနှင့် ပွဲစဉ်တွင် ချန်ပီယံလိဂ် ပွဲထွက်လူစာရင်း၌ ပထမဆုံးပါဝင်ကစားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် ဂျူဗင်တပ်စ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ ၃၃ စက္ကန့်၌ (UEFA မှ ၃၃ စက္ကန့်ဟု ဖော်ပြပြီး အခြားမီဒီယာအချို့တွင် ၃၂ စက္ကန့် ဟုဖော်ပြနေ)သွင်းယူကာ ဂုဏ်ယူဖွယ်ရာ စံချိန်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ဗီလာရီးယဲလ်အသင်းနှင့်ပွဲမှာ ဗလာဟိုဗစ်၏ ကစားသမားဘ၀ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး သူ၏တစ်ခုတည်းသော ဥရောပပြိုင်ပွဲအတွေ့အကြုံအဖြစ် အသက် ၁၆ နှစ်အရွယ်တွင် ပါတီဇန်ဘဲလ်ဂရိတ်အသင်းနှင့်အတူ ယူရိုပါလိဂ်ခြေစစ်ပွဲ ကစားခဲ့ရခြင်းသာရှိခဲ့သည်။

ဗလာဟိုဗစ်က “ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်လို့ ဂုဏ်ယူရပါတယ်။ ကျွန်တော့်အတွက် သိပ်ပြီးစိတ်လှုပ်ရှားစရာ ဖြစ်ရပ်ပါပဲ။ ဒါပေမဲ့ အသင်းအနိုင်မရလို့ အပြည့်အ၀ မပျော်ရွှင်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular