ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဘန်ဇီမာက တစ်နေ့တွင် မက်ဒရစ်သို့ PSG အသင်း ကြယ်ပွင့်ကစားသမား ဘာပေရောက်ရှိလာနိုင်သည်ကို မိမိတို့အားလုံးသိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
PSG နှင့် ရီးယဲလ်အသင်းသည် ချန်ပီယံ လိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် အင်္ဂါနေ့ ညပိုင်းက ပါရီမြို့၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ယင်းပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဘန်ဇီမာက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကီယန်နဲ့ ပြိုင်ဘက်အဖြစ်ကစားရတာက ထူးခြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လက်ရွေးစင်အသင်းမှာ အတူတွဲကစားနေကျဖြစ်လို့ပါ။ တစ်နေ့မှာ မက်ဒရစ်ကို သူရောက်လာနိုင်တယ်ဆိုတာ အားလုံးသိထားပြီးသားပါ” ဟု ဘန်ဇီမာက ပြောကြားခဲ့သည်။
ဘာပေနှင့် PSG အသင်း၏ စာချုပ် သက်တမ်းမှာ လေးလကျော်သာ ကျန်ရှိတော့ ပြီး ၎င်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို အကြိမ်ကြိမ်ငြင်းပယ်ထားသည်။ ၎င်းအနေဖြင့် ဇန်နဝါရီကတည်းက ပြည်ပကလပ်များနှင့် အကြိုသဘောတူညီမှုရယူရန် ခွင့်ပြုချက်ရထားပြီးဖြစ်သော်လည်း အနာဂတ်အကြောင်း အတိအကျဖြေကြားခြင်းမရှိသေးကြောင်း သိရသည်။ ဘာပေအား ဥရောပထိပ်တန်းကလပ်များစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၎င်း၏ ငယ်ဘဝအိပ်မက်အသင်းဖြစ်သည့် ရီးယဲလ်အသင်းက ရေပန်းအစားဆုံးဖြစ်နေသည်။
ထို့ပြင် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်ကုန်ဆုံးမည့် တောင်ပံကစားသမား ဘေးလ်အနေဖြင့် နွေရာသီတွင် လမ်းခွဲတော့မည်ဟု နည်းပြဖြစ်သူ အန်ဆယ်လော့တီက အတည်ပြုထားပြီဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ပြောကြားခဲ့သည်။ ဘေးလ်၏အနာဂတ်နှင့်ပတ်သက်၍ အန်ဆယ်လော့တီက ” ဘေးလ်က ဒဏ်ရာပြဿနာတွေရှိပါတယ်။ ပြီးတော့ သူ့ရဲ့စာချုပ်က ကုန်ဆုံးတော့မှာပါ။ သူ့ဆီမှာ ကောင်းမွန်တဲ့ လှုံ့ဆော်မှုမျိုး မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက ဒီမှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆန္ဒရှိပါတယ်။ အဲဒါကလည်း သူနဲ့ ထိုက်တန်ပါတယ်။ ဘေးလ်အတွက် ဒီနေရာ မှာ သူ့ရဲ့ကစားသမားဘဝကို ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ဖို့ အရေးကြီးပါတယ်” ဟု ပြောကြားထားသည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် ဘေးလ်သည် ၂၀၁၆ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် စာချုပ်အရ ရီးယဲလ်အသင်း၌ တစ်ပတ်လစာ ပေါင် ခြောက်သိန်းအထိ ရရှိနေပြီး လာမည့်ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။