ဂျူဗင်တပ်စ်အသင်းပရိသတ်များသည် ဆာဆူအိုလိုနှင့်ပွဲတွင် အသင်းတိုက်စစ်ကစားသမား ဒီဘားလားအား ဂျူဗင်တပ်စ်အသင်းတွင်ဆက်နေရန် အော်ဟစ်တောင်းဆို ခဲ့ကြကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက်က ကစားခဲ့သည့် ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ် ဂျူဗင်တပ်စ် (၂-၁) ဆာအူအိုလိုပွဲတွင် ဂျူဗင်တပ်စ်အသင်းပရိသတ်များက ဒီဘားလားကို ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဒီဘားလားသည် ပွဲချိန် သုံးမိနစ်၌ ဂျူဗင်တပ်စ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ယင်းဂိုးအတွက် အောင်ပွဲခံချိန်တွင် ဂျူဗင်တပ်စ်အသင်းပရိသတ်များက “ဒီဘာလား ငါတို့နဲ့ဆက်နေပါ”ဟု အော်ဟစ်တောင်းဆိုခဲ့ကြသည်။
အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်ကစားသမား ဒီဘားလားသည် ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိတွင် အပြောင်းအရွှေ့အတွက် ပြည်ပကလပ်အသင်းများနှင့် ဆွေးနွေးခွင့် ရှိနေသည်။
ဂျူဗင်တပ်စ်အသင်းသည် ဒီဘားလားအား တစ်နှစ်လစာ ယူရို ၁၀ သန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် လစာလျှော့ယူရန် တောင်းဆိုခဲ့သဖြင့် အဆင်မပြေဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းပရိသတ်များသည် အသင်းမှ ဒီဘားလား ထွက်ခွာသွားမည်ကို စိတ်ပူနေကြသည်။
ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဒီဘားလားကို လီဗာပူးလ်၊ PSG နှင့် စပါးအသင်းတို့က ခေါ်ယူလိုနေကြောင်း သိရသည်။