မန်ယူနည်းပြ ရန်းနစ်က စီရော်နယ်လ်ဒိုနှင့် တိုက်စစ်ကစားသမားများ ဂိုးပိုသွင်းရန် လိုအပ်ကြောင်း ဆောက်သမ်တန်နှင့်ကစားမည့်ပွဲအတွက် ပြုလုပ်သည့် မီဒီယာတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ဂိုးအထိ သွင်းယူထားသော်လည်း နောက်ဆုံး (၅)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးထားသလို၊ မန်ယူအသင်းသည် နောက်ဆုံး (၂)ပွဲတွင် ဂိုးပေါက်ကန်သွင်းမှု (၅၂)ကြိမ်အထိ ရှိခဲ့သော်လည်း (၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် မန်ယူနည်းပြ ရန်းနစ်က အသင်းတိုက်စစ်ပိုင်းတိုးတက်ရန် လိုအပ်ကြောင်းနှင့် တိုက်စစ်ကစားသမားများအနေဖြင့် ယခုထက် ဂိုးပိုသွင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်းနစ်က “စီရော်နယ်လ်ဒို တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စီရော်နယ်လ်ဒိုအနေနဲ့ အခုထက်ပိုပြီး ဂိုးတွေ သွင်းသင့်တယ်ဆိုတာတော့ သေချာပါတယ်။ ကျွန်တော့်တို့အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် (၂)ပွဲမှာ ဂိုးသွင်းခွင့်တွေ အများကြီး ဖန်တီးနိုင်ပေမဲ့ နိုင်ပွဲအတွက် လုံလောက်တဲ့ ဂိုးတွေ မရပါဘူး။ ဒါက စီရော်နယ်လ်ဒို တစ်ဦးတည်းရဲ့ ပြဿနာမဟုတ်ဘဲ တခြားကစားသမားတွေရဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်ကစားသမားတွေအနေနဲ့ ဂိုးသွင်းခွင့်တွေရပေမဲ့ လုံလောက်တဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ခြင်းမရှိပါဘူး”ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)အဖြစ် ယနေ့တွင် ဆောက်သမ်တန်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
ရန်းနစ်က ဆောက်သမ်တန်အသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်ပြီး မိမိအသင်းအနေဖြင့် အနိုင်ရရန် အစွမ်းကုန်ကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။