မန်ယူအသင်းသည် ကွင်းလယ်လူ ပေါ့ဘာအပါအဝင် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာလိုနေသည့် ကစားသမားများကို အမြဲတမ်းနည်းပြခန့်အပ်ပြီးမှသာ အနာဂတ်နှင့်ပတ် သက်ပြီး ဆုံးဖြတ်ရန် တောင်းဆိုထားကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေး အလွတ်ဖြင့်ထွက်ခွာရန် ပြည်ပကလပ်အသင်းများနှင့် ဆွေးနွေးခွင့်ရှိနေသူဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အဲဗာတန်နှင့် ဆီဗီလာတို့ကို အငှားချခံခဲ့ရသည့် ဗန်ဒယ်ဘိခ်နှင့် မာစီယဲလ်တို့မှာလည်း အသင်းမှ ထွက်ခွာလိုနေကြောင်း သိရသည်။
ထို့ကြောင့် မန်ယူအသင်းသည် အဆိုပါကစားသမားများကို အနာဂတ်နှင့် ပတ်သက်ပြီး အလျင်စလိုမဆုံးဖြတ်ဘဲ အမြဲတမ်းနည်းပြ ခန့်အပ်ပြီးမှသာ ဆုံးဖြတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် အမြဲတမ်းနည်းပြ ဖြစ်လာရန် ပိုချက်တီနို၊ တန်ဟက်ဂ်နှင့် လက်ရှိမန်ယူနည်းပြ ရန်းနစ်တို့ ရေပန်းစားနေကြောင်း သိရှိရသည်။