အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်နှုန်း မြင့်မားလာသဖြင့် စီးရီးအေပြိုင်ပွဲတွင် ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့် ပရိသတ်ဦးရေ (၅၀၀၀)သာ သတ်မှတ်ရန် စီစဉ်နေပြီး မကြာမီ ကွင်းပိတ်ကစားရဖွယ်ရှိကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
၂၀၂၀ ခုနှစ်၊ မတ်လတွင် အီတလီနိုင်ငံတစ်ဝန်း Lockdown ချမှတ်ပြီးနောက်ပိုင်းမှစတင်၍ စီးရီးအေပြိုင်ပွဲ၏ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ပြုသည့်ပရိသတ်ဦးရေမှာ (၁၀၀) ရာခိုင်နှုန်းအထိ ပြန်မရောက်လာသော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များ အတွင်း (၇၅)ရာခိုင်နှုန်းနီးပါး ရှိလာခဲ့သည်။
သို့သော် အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကွင်းအတွင်းဝင်ရောက်ကြည့်ရှုသည့် ပရိသတ်ဦးရေမှာ (၅၀)ရာခိုင်နှုန်းအထိ လျော့ကျလာပြီး ယခုအခါ ကွင်းအရွယ်အစားကို ထည့်သွင်းမစဉ်းစားတော့ဘဲ ပရိသတ် (၅၀၀၀)သာ ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။
အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီက ဘောလုံးကွင်းထဲတွင် Mask တပ်ဆင်ထားခြင်းမရှိသူများ မြင်တွေ့ရခြင်းအပေါ် စိုးရိမ်နေပြီး အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာထံ သတိပေးထားကြောင်း သိရသည်။
အဆိုပါကိစ္စအတွက် အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ချက် ချမှတ်သွားဖွယ်ရှိပြီး ကွင်းပိတ်ကစားရရန် နီးစပ်လာပြီဟု အီတလီမီဒီယာများက ဖော်ပြနေသည်။