စပါးအသင်းနည်းပြ ကွန်တီက မိမိတို့ အသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိရန်အတွက် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်များ ခေါ်ယူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ကွန်တီက ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် ၄ အတွင်းဝင်ရန် မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့နှင့်အတူ မန်ယူအသင်းက ရေပန်းအစားဆုံးဖြစ်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။
ကွန်တီက “ကျွန်တော်တို့အသင်းအနေနဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ စပါးအသင်းကို စတင်ကိုင်တွယ်ပြီး နှစ်ပတ်အကြာမှာ အသင်းလူစာရင်းကို တိုးတက်အောင် လုပ်ဖို့လိုတယ်လို့ ကျွန်တော် ပြောခဲ့ပြီးသားပါ။ အသင်းကို စရောက်ပြီး တစ်ပတ်၊ ၁၀ ရက်အတွင်းမှာပဲ ဘယ်ကစားသမားကို အားကိုးလို့ရတယ်။ ဘယ်ကစားသမားကတော့ အားကိုးလို့ မရဘူးဆိုတာကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပါတယ်။ ဇယားထိပ်ပိုင်းက အသင်းတွေနဲ့ လူအင်အားကွာခြားမှုက အရမ်းကိုကြီးမားနေပြီး ကျွန်တော်တို့အနေနဲ့ အသင်းလူစာရင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ကြိုးစားရမှာပါ”ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းကို အင်အားဖြည့်တင်းရန်အတွက် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်၊ ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ကူလူဆက်ဗ်စကီး၊ အင်တာမီလန်အသင်းမှ တောင်ပံကစားသမား ပါရီဆစ်နှင့် နောက်ခံလူ ဒီဗရိုင်းတို့ကို ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရသည်။
ထို့ပြင် စပါးအသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အဓိကဂိုးသမား လိုရစ်ကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ လိုရစ်၏အခြေအနေနှင့်ပတ်သက်ပြီး ကွန်တီက “လိုရစ်အနေနဲ့ စာချုပ် ကိစ္စအတွက် အသင်းတာဝန်ရှိသူတွေ ဆွေးနွေးပါလိမ့်မယ်။ သူ့အနေနဲ့ အသင်းမှာ ဆက်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။ လိုရစ်ဟာ စပါးအသင်းကို ချစ်မြတ်နိုးသူဖြစ်ပြီး သူ့အနေနဲ့ အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။