စပါးတိုက်စစ်မှူး ဟာရီကိန်းသည် အလှည့်ကျအသုံးပြုရန်အတွက် အလွန်ဆုံးဖြတ်ရခက်စေသည့် ကစားသမားတစ်ဦးဟု အသင်းနည်းပြ ကွန်တီက ခရစ္စတယ်ပဲလေ့စ်အသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ကွန်တီသည် ဟာရီကိန်းကို ယင်းပွဲတွင် ပွဲချိန်တစ်နာရီကျော်ကစားပြီးနောက် ဘာ့ဂ်ဝင်းချ်နှင့် လူစားလဲခဲ့ခြင်းဖြစ်ပြီး ယင်းလူစားလဲမှုကို ပွဲအပြီးတွင် ပြန်လည်ရှင်းလင်းခဲ့သည်။
”ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် အကြောင်းနဲ့ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ကစားသမားတစ်ယောက်အကြောင်း ဆွေးနွေးရာမှာ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ယနေ့မှာတော့ သူ့ကို အနားပေးဖို့အတွက် ကျွန်တော် အခွင့်အရေး ရခဲ့ပါတယ်။ ပြီးတော့ သူ့အတွက် မိနစ် ၆၀ လောက်ပဲ ကစားတာဟာ အရေးကြီးပါတယ်။ ကိန်းဟာ အလှည့်ကျကစားစေဖို့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အလွန်ခက်ခဲစေတဲ့ ကစားသမားတစ်ယောက်ပါ”ဟု ကွန်တီက ဟာရီကိန်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ဒီဇင်ဘာလ(၁၉)ရက်မတိုင်မီ လိဂ်ဂိုး တစ်ဂိုးသာ ရရှိခဲ့ပြီး လီဗာပူးလ်နှင့် ခရစ္စတယ်ပဲလေ့စ် (၂)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်မှုကြောင့် နည်းပြဖြစ်သူ၏ ယုံကြည်မှုကို ရရှိစေခဲ့သည်။
စပါးအသင်းသည် (၆) ရက်အတွင်း ဆောက်သမ်တန်၊ ဝက်ဖို့ဒ်အသင်းများနှင့် ပရီးမီးယားလိဂ်(၂)ပွဲဆက်တိုက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။