ဒေါ့မွန်အသင်းသည် နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ထည့်သွင်းချုပ်ဆိုထားသည့် လျော်ကြေးစာချုပ်အရ ခေါ်ယူလိုသောအသင်းများအနေဖြင့် လာမည့် ၂၀၂၂ ခုနှစ်နွေရာသီတွင် ယူရို(၇၅)သန်းဖြင့် ရရှိမည်ဖြစ်ကြောင်း Bild သတင်းစာက ဖော်ပြခဲ့သည်။
ဟော်လန်း (၂၁ နှစ်)သည် ဒေါ့မွန်အသင်းသို့ မရောက်ရှိမီကတည်းက ဥရောပထိပ်သီးအသင်းများ၏ ပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင်မူ ၎င်းကို ခေါ်ယူလိုသည့်အသင်းများ ပိုမိုတိုးပွားလျက်ရှိသည်။
ဟော်လန်းသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့တွင် ထိပ်သီးအသင်းများ အပြိုင်လိုက်နေသည့်ကြားမှ ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဒေါ့မွန်အသင်းအနေဖြင့် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)ဝန်းကျင်သာ ပေးချေခဲ့ရသည်။
သို့သော် ယင်းအခြေအနေမှာ အေးဂျင့် ရိုင်ယိုလာ၏ ကစားကွက်တစ်ခုဖြစ်ပြီး ၎င်းအတွက် မြင့်မားသည့် အေးဂျင့်ကြေးအပါအဝင် ဟော်လန်းအတွက် မြင့်မားသည့်လစာနှုန်းထားရရှိလာရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြမှုများရှိခဲ့သည်။
ဟော်လန်းသည် ဒေါ့မွန်အသင်း၌ ခြေစွမ်းပိုမိုထက်မြက်လာခဲ့ပြီး လက်ရှိအချိန်တွင် ပြိုင်ပွဲစုံ (၇၅)ပွဲကစားကာ (၇၆)ဂိုး သွင်းယူထားသည်။
ထို့ကြောင့် ၎င်းကိုခေါ်ယူရန် ပြိုင်ဆိုင်မှုများ ပိုမိုမြင့်တက်လာခဲ့ပြီး အေးဂျင့် ရိုင်ယိုလာအနေဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်သည့် အနေအထားဖြစ်နေသည်။
ယင်းအခြေအနေတွင် Bild သတင်းစာက ဒေါ့မွန်နှင့် ဟော်လန်း၏ လျော်ကြေးစာချုပ်အရ ၂၀၂၂ နွေရာသီတွင် ခေါ်ယူပါက ယူရို(၇၅)သန်းဖြင့် ရရှိမည်ဖြစ်သောကြောင့် လာမည့်နွေရာသီ၌ ၎င်းကိုခေါ်ယူရန် အပြိုင်အဆိုင်ကြိုးပမ်းကြလိမ့်မည်ဟု သုံးသပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဟော်လန်းသည် လက်ရှိစျေးကွက်တန်ဖိုးအရ ပြောင်းရွှေ့ ကြေး ယူရိုသန်း(၁၅၀)ဝန်းကျင် တန်ကြေးရှိသူဟု သတ်မှတ်ခံထားရသူဖြစ်ပြီး လျော်ကြေးစာချုပ်အရ ဒေါ့မွန်အသင်းထံ ယူရို(၇၅)သန်းသာ ပေးချေရမည်ဖြစ်သော်လည်း အေးဂျင့်ကြေးနှင့် လစာနှုန်းထားများကြောင့် ယူရိုသန်း (၂၀၀)ကျော် ကုန်ကျဖွယ်ရှိကြောင်း သိရသည်။
ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ခဲ့စဉ်က အေးဂျင့်ကြေးအဖြစ် ယူရို(၁၄)သန်းရရှိခဲ့သော ရိုင်ယိုလာသည် ယခု ဒေါ့မွန်အသင်းမှ အခြားတစ်သင်းတစ်သင်းထံ ပြောင်းရွှေ့ခဲ့ပါက အေးဂျင့်ကြေး ယူရိုသန်း(၄၀)အထက် ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
ထို့ပြင် ဟော်လန်းအတွက် လိုချင်သည့် လစာနှုန်းထားနှင့်အတူ အပြောင်းအရွှေ့ဖြစ်မြောက်လိမ့်မည်ဟု ယုံကြည်နေကြောင်းလည်း သိရသည်။
နောက်ဆုံးထွက်ပေါ်နေသည့်သတင်းများအရ ဟော်လန်းကို ခေါ်ယူနိုင်ရန် ရီးယဲလ်၊ ဘာစီလိုနာ၊ မန်စီးတီးနှင့် မန်ယူတို့က အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ထားသော်လည်း ယူရို(၇၅)သန်းတန် လျော်ကြေးစာချုပ် တန်ဖိုးကြောင့် အသင်းများစွာ ခေါ်ယူနိုင်သည့်အနေအထား ဖြစ်နေသည်။
သို့သော် တိုက်စစ်မှူး လိုအပ်ချက်ရှိနေပြီး ပြီးခဲ့သည့်နွေရာသီက ဟာရီကိန်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော မန်စီးတီးအသင်းက လာမည့်နွေရာသီတွင် ဟော်လန်းကို ခေါ်ယူရန် ပစ်မှတ်ထားကြိုးပမ်းလိမ့်မည်ဟု ထင်ကြေးပေးမှုများရှိနေသည်။