ဘာစီလိုနာအသင်းသည် စာချုပ်ပါလျော်ကြေး ယူရိုသန်း (၁၂၀)သတ်မှတ်ခံထားရသည့် ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဒီလစ်ကို ခေါ်ယူခွင့်ရရှိရန် မျှော်လင့်နေဆဲဖြစ်ကြောင်း သိရသည်။
အသက် (၂၂)နှစ်အရွယ် နယ်သာလန်နောက်ခံလူ ဒီလစ်သည် ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး သူ၏အေးဂျင့်ဖြစ်သူ ရိုင်ယိုလာ၏ ဈေးကစားမှုများကြောင့်လည်း အပြောင်းအရွှေ့ဈေးကွက်တွင် ရေပန်းစားသူတစ်ဦးဖြစ်သည်။
ဒီလစ်ကိုခေါ်ယူလိုသည့် ဥရောပထိပ်သီးအသင်းများစွာရှိနေသော်လည်း ကစားသမားဖြစ်သူ၏ လစာငွေမြင့်မားမှုကြောင့် အခက်အခဲဖြစ်နေသည်။
သို့သော် ဘဏ္ဍာရေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းသည် ဒီလစ်ကို အပြင်းအထန်စိတ်ဝင်စားနေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကြိုးပမ်းသွားဖွယ်ရှိနေသည်။
ဂျူဗင်တပ်စ်အသင်းသည် အေးဂျင့်ရိုင်ယိုလာနှင့် ဆုံတွေ့၍ ဒီလစ်၏အနာဂတ်အတွက်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒီလစ်ကို ရောင်းချဖြစ်ခဲ့ပါက ရရှိလာမည့်ငွေကြေးဖြင့် တိုက် စစ်ပိုင်းအားဖြည့်သွားရန် စီစဉ်ထားကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။