ဆီဗီလာအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူတိုက်စစ်ကစားသမားများဖြစ်သည့် မာစီယဲလ်နှင့် ကာဗာနီတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
မာစီယဲလ်သည် အစောပိုင်းကတည်းက ဆီဗီလာအသင်းနှင့် သတင်းထွက်နေပြီး ယခုအခါ ကာဗာနီကိုပါ အသင်း၏အဝယ်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်သည်။
မာစီယဲလ်နှင့် ကာဗာနီသည် ယခုရာသီတွင် အသင်း၌ ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေသူများဖြစ်ပြီး တိုက်စစ်(၃)ယောက်တန်းတွင် ယခင်ရှိနှင့်ပြီးသား ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့အပြင် နွေရာသီအပြောင်း အရွှေ့ကာလက စီရော်နယ်လ်ဒို၊ ဆန်ချိုတို့ ရောက်လာသောကြောင့် ပုံမှန်နေရာရရှိရေးအတွက် ပိုမိုခက်ခဲသွားစေခဲ့သည်။
မာစီယဲလ်အနေဖြင့် ဇန်နဝါရီတွင် အသင်းမှ အငှားဖြင့်ထွက်ခွာရန် သေချာသလောက်ရှိနေပြီး ကာဗာနီမှာမူ နည်းပြဟောင်း ဆိုးလ်ရှားနှင့် လက်ရှိနည်းပြ ရန်းနစ်၏လက်အောက်တွင် ပွဲကစားခွင့်နည်းပါးခြင်းကြောင့် မပျော်မရွှင်ဖြစ်နေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ဆီဗီလာအသင်းသည် လာမည့် ဇန်နဝါရီလအတွင်းကျင်းပမည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲသို့ အသင်းတိုက်စစ်ကစားသမားများဖြစ်သည့် မော်ရိုကိုလက်ရွေးစင်မူနီယာနှင့် အန်နက်ဆီရီတို့ကို စေလွှတ်ရမည်ဖြစ်သောကြောင့် ယင်းကာလအတွင်း အသင်းတိုက်စစ်ပိုင်း အားနည်းမှုမရှိစေရန်အတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။