နှလုံးခွဲစိတ်ကုသမှုပြုလုပ်၍စက်တပ်ဆင်ထားရသည့် အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်သည် အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းတော့မည်ဟု ဥရောပအားကစားမီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်သည် ဇွန်လ (၁၂)ရက်က ကစားခဲ့သည့် ယူရို-၂၀၂၀ အုပ်စုပွဲစဉ် ဒိန်းမတ် (၀-၁) ဖင်လန်ပွဲ ပထမပိုင်းပြီးခါ နီးတွင် နှလုံးရပ်သွားသဖြင့် ကွင်းအတွင်း လဲကျသွားခဲ့ပြီး အရေးကုသမှု ပြုလုပ်ခဲ့ရကာ ဆေးရုံတင်ပို့ခဲ့ရသည်။
အဲရစ်ဆင်သည် ယင်းဖြစ်ရပ်ကြောင့် နှလုံးခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ICD ဟု အမည်ရသည့် နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ခဲ့ကြောင်း သိရှိရသည်။
သို့သော် အီတလီနိုင်ငံတွင် နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ထားသူများကို ဘောလုံးကစားခွင့်ပိတ်ပင်ထားရာ အဲရစ်ဆင်အနေဖြင့် ယခုရာသီတွင် အင်တာမီလန်အသင်း၌ ကစားခွင့်မရသေးသလို၊ အသင်းနှင့် လေ့ကျင့်မှုပင် ပြုလုပ်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် အဲရစ်ဆင်သည် လက်ရှိတွင် ဒိန်းမတ်ကလပ် အိုဒန်ဆီအသင်း၌ လေ့ကျင့်မှုများပြုလုပ်နေပြီး ဘောလုံးပြန်ကစားရန် ပြင်ဆင်နေကြောင်း ဒိန်းမတ်သတင်းစာ BT က ဖော်ပြခဲ့သည်။
သို့သော် အဲရစ်ဆင်အနေဖြင့် အီတလီတွင် ကစားခွင့်ရတော့မည်မဟုတ်သည့်အတွက် အင်တာမီလန်နှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းရန်စီစဉ်နေပြီး အေဂျက်စ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။