ဘာစီလိုနာအသင်းမှ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အဂွဲရိုးသည် နှလုံးကျန်းမာရေးပြဿနာကြောင့် ကစားသမားဘဝမှ အနားယူကြောင်း ဒီဇင်ဘာလ ၁၅ ရက်က အတည်ပြုကြေညာခဲ့သည်။
အဂွဲရိုး၏ကစားသမားဘဝမှအနားယူကြောင်း ကြေညာသည့်အခမ်းအနားကို နူးကမ့်ကွင်း၌ပြုလုပ်ခဲ့ပြီး ၎င်းက သူ၏ကစားသမားဘဝဖြတ်သန်းမှုအတွက် ဂုဏ်ယူမိသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သူ အဂွဲရိုးအနေဖြင့် နှလုံးခုန်နှုန်းပုံမှန်မဟုတ်သည့်အခြေအနေကြောင့် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် အောက်တိုဘာလအတွင်းက ကစားခဲ့သော အလာဗတ်စ်နှင့်ပွဲတွင် ရင်ဘတ်နာကျင်မှုနှင့် အသက်ရှူကျပ်သည့်ဝေဒနာကြောင့် ပွဲပြီးပြီးချင်းဆေးရုံသို့ တင်ပို့ခဲ့ရပြီး ဆေးစစ်မှုများအရ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သည့်အနေအထားကိုတွေ့ရှိခဲ့ရသည်။

“ပရော်ဖက်ရှင်နယ်ဘောလုံးကစားနေတာကို ရပ်တန့်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပြီးပါပြီ။ အလွန်ခက်ခဲတဲ့ အခိုက်အတန့်ဖြစ်ပေမဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် ကျေနပ်မိပါတယ်။ ကျွန်တော့်ကျန်းမာရေးက ပထမဦးစားပေးပါ။ လွန်ခဲ့တဲ့တစ်လကျော်ခန့်က ဖြစ်ပွားခဲ့တဲ့ပြဿနာတွေကြောင့် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်။ အကောင်းဆုံး လုပ်ဆောင်ပေးနေတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ခဲ့ပြီး သူတို့က ကျွန်တော့်ကို ဘောလုံးကစားတာ ရပ်တန့်လိုက်တာဟာ အကောင်းဆုံးပဲလို့ အကြံပေးခဲ့ပါတယ်။ ကျွန်တော်ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဘဝကို အလွန်ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေမယ့် QPR ဘက်သွင်းတဲ့ဂိုးကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အဲဒီမှာ ကြီးကျယ်ခမ်းနားတဲ့အမှတ်တရတွေ များစွာရှိခဲ့ပါတယ်”ဟု အဂွဲရိုး က နှုတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
အဂွဲရိုးသည် ပြီးခဲ့သည့်နွေရာသီကမှ ဘာစီလိုနာအသင်းနှင့် နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းအတွက် ငါးပွဲသာကစားရကာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ အဂွဲရိုး၏ကစား သမားဘဝအအောင်မြင်ဆုံးအခိုက်အတန့်မှာ မန်စီးတီးအသင်းတွင်ဖြစ်ပြီး ပြိုင်ပွဲစုံပွဲပေါင်း ၃၉၀ ပွဲကစားခဲ့ရာတွင် ဂိုးပေါင်း ၂၆၀ အထိ သွင်းယူနိုင်ခဲ့သည်။

အဂွဲရိုးသည် ပရီးမီးယားလိဂ်ပွဲ ၂၇၅ ပွဲ ကစားခဲ့ရာ၌ ၁၈၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတွင် အလန်ရှီးယား(၂၆၀ ဂိုး)၊ ရွန်နီ(၂၀၈ ဂိုး)၊ အန်ဒီကိုးလ်(၁၈၇ ဂိုး)တို့ပြီးနောက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံးဖြစ်ကာ ပြည်ပကစားသမားများထဲ၌ သွင်းဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် အဂွဲရိုးပိုင်ဆိုင်ခဲ့သည့် ပရီးမီးယားလိဂ်ဟက်ထရစ် ၁၂ ကြိမ်မှာလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက် အများဆုံးဖြစ်ခဲ့သည်။