spot_img

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် မန်ယူအသင်း လေ့ကျင့်ရေးကွင်း ပိတ်ခဲ့ရပြီး ဘရန့်ဖို့ဒ်နှင့်ပွဲကို ရွှေ့ဆိုုင်းပေးရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများနှင့် ဆွေးနွေးနေ

မန်ယူအသင်းသည် ယခုအင်္ဂါနေ့တွင် ကစားမည့် ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲအတွက် COVID စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် အသင်းသားအချို့ Positive ဖြစ်နေကြောင်း တွေ့ရှိခဲ့ရပြီးနောက် တနင်္လာနေ့က ကာရင်တန် လေ့ကျင့်aရးကွင်းကို ပိတ်ခဲ့ရသလို၊ ဘရန့်ဖို့ဒ်နှင့်ပွဲကို ရွှေ့ဆိုင်းပေးရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း သိရသည်။

မန်ယူအသင်း၏ COVID ပိုး ကူးစက်ခံထားရသူအတိအကျကို မီဒီယာများတွင် ဖော်ပြနိုင်ခြင်းမရှိသေးသော်လည်း ကစားသမားများတွင်သာမက နည်းပြအဖွဲ့ဝင်များတွင်ပါ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု The Sun သတင်းစာ၏ ဖော်ပြမှုကို ကိုးကားပြီး Daily Mail သတင်းစာက ရေးသားခဲ့သည်။

myan789

ယင်းအတွက်ကြောင့် ဘရန့်ဖို့ဒ်အသင်းနှင့် ပွဲစဉ် ကစားဖြစ်၊ မဖြစ်မှာ မသေမချာဖြစ်လာခဲ့ပြီး မကြာသေးမီက ပွဲစဉ်ဖျက်သိမ်းခဲ့ရသည့် စပါးအသင်းကဲ့သို့ပင် ပွဲစဉ် ရွှေ့ဆိုင်းရမည့် အခြေအနေလည်းဖြစ်လာခဲ့သည်။

မန်ယူအသင်း၏ နောက်ခံကစားသမားတစ်ဦးဖြစ်သည့် ဗစ်တာလင်ဒီလော့ဖ်သည် နောဝစ်ချ်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် အသက်ရှူရခက်ခဲသည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရရာ ထိုအချိန်ကတည်းက ကိုဗစ်ရောဂါပိုးကူးစက်ခံထားရခြင်းဖြစ်သလောဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။

မန်ယူအသင်းသည် နောဝစ်ချ်အသင်းနှင့် ကစားခဲ့ရာတွင် အဝေးကွင်းပွဲစဉ်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ကြိုတင်စစ်ဆေးမှု ပြုလုပ်ရာတွင်မူ ကစားသမားများသည် Negative အဖြစ် အဖြေထွက်ခဲ့ပြီးဖြစ်သည်။

ယင်းအတွက်ကြောင့် ထိုစစ်ဆေးမှုအပြီး ရက်ပိုင်းအတွင်း အသင်းသားတစ်ဦးဦးက ကိုဗစ်ကူးစက်ခံရရာမှ အခြားအသင်းသားများထံသို့ထပ်မံကူးစက်ခဲ့ခြင်းဖြစ်နိုင်သည်ဟုလည်း ခန့်မှန်းရေးသားနေကြသည်။

မန်ယူအသင်းကစားသမားများသည် ဘရန့်ဖို့ဒ်အသင်းနှင့် ပွဲစဉ်အတွက် ကိုဗစ်စစ်ဆေးမှု ပြုလုပ်ပြီးမှ လေ့ကျင့်ခန်းအစီအစဉ်ကို ပြုလုပ်ရန် ရည်ရွယ်ထားခဲ့ကြောင်း၊ ကူးစက်ခံထားရကြောင်း တွေ့ရှိရသူများသည် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် အိမ်ပြန်ခဲ့ရပြီး ကူးစက်ခံထားရခြင်းမရှိသူများသာ သီးခြားလေ့ကျင့်ခန်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ရကြောင်းလည်း သိရှိရသည်။

လင်ဒီလော့ဖ်သည် နောဝစ်ချ်အသင်းနှင့် ကစားခဲ့သည့်ပွဲချိန်အတွင်း ရင်ဘတ်ကို ဖိကာ ထိုင်ချခဲ့ရပြီး ကွင်းလယ်ဒိုင်နှင့် အသင်းဖော်များက အခြေအနေကို မေးမြန်းခဲ့ရာတွင် အသက်ရှူရခက်ခဲကြောင်း ပြန်လည်ဖြေကြားခဲ့မည်ဟု သိရှိရသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကွင်းအတွင်းရှိနေသည့် မန်ယူအသင်း ဂိုးသမား ဒီဟေးယားအား Sky Sports က မေးမြန်းခဲ့ရာ ”ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကိုတော့ ကျွန်တော်လည်း အတိအကျ မသိဘူး။ ဒါပေမဲ့ သူ့ပုံစံက သက်သောင့်သက်သာမရှိဘဲ အသက်ရှူရတာ ခက်ခဲနေတယ်လို့တော့ ပြောပါတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စိုးရိမ်ဖွယ်အခြေအနေဖြစ်လာပြီး ဒီဇင်ဘာ(၆)ရက်မှ (၁၂)ရက်အတွင်း နောက်ဆုံးစစ်ဆေးမှု၌ Positive အဖြေထွက်သူ (၄၂)ဦးရှိသည်အထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း သိရသည်။

အဆိုပါအရေအတွက်မှာ ယခုနှစ်အတွင်း အများဆုံးတွေ့ရှိမှုဖြစ်ပြီး မန်ယူ၊ အက်စတွန်ဗီလာနှင့် ဘရိုက်တန်အသင်းတို့တွင် အများဆုံးဖြစ်နိုင်ကြောင်းလည်း သတင်းထွက်နေသည်။

ထို့ ကြောင့် စပါးအသင်းနည်းတူ ပွဲရွှေ့ဆိုင်းရသည့် အခြေအနေများလည်း ရှိလာနိုင်သည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများက ပရိသတ်များအား ကြပ်ကြပ်မတ်မတ်ထိန်းချုပ်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular