လာမည့် ၂၀၂၂ ဇန်နဝါရီလအတွင်း ကျင်းပရန်ရှိသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မူလစီစဉ်ထားသည့် ဇန်နဝါရီ (၉)ရက်နေ့တွင် စတင်မည့်အစား ရှေ့သို့တိုး၍ ဇန်နဝါ ရီ (၃)ရက်နေ့တွင် စတင်ရန် အီဂျစ်ကလပ် အယ်လ်အာလီအသင်းက ဦးဆောင်၍ တောင်းဆိုနေကြောင်း သိရသည်။
၂၀၂၀-၂၁ အာဖရိကချန်ပီယံလိဂ်ချန်ပီယံ အယ်လ်အာလီအသင်းသည် လာမည့် ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရထားသည့်အသင်းဖြစ်သည်။
အီဂျစ်လက်ရွေးစင်ကစားသမား အများအပြားပါဝင်နေသော အယ်လ်အာလီအသင်းက ၂၀၂၂ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လုံလောက်သည့် ပြင်ဆင်မှုရရှိရန် ၂၀၂၂ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ရှေ့သို့တိုးပေးသင့်ကြောင်း အာဖရိကဘောလုံးတာဝန်ရှိသူများထံ တင်ပြထားခြင်းဖြစ်သည်။
၂၀၂၂ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၂ ဇန်နဝါရီ(၉)ရက်နေ့မှ ဖေဖော်ဝါရီ(၆)ရက်နေ့အထိ ကင်မရွန်းနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး၊ ၂၀၂၂ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ ၂၀၂၂ ဖေဖော်ဝါရီ (၃)ရက်နေ့မှ (၁၂)ရက်နေ့အထိ ယူအေအီးနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည်။
သို့ဖြစ်ရာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ မပြီးဆုံးမီမှာပင် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်မည်ဖြစ်၍ ယင်းကဲ့သို့ အဓိကပြိုင်ပွဲ(၂)ခု ထပ်နေသည့်အတွက် အစောပိုင်းကပင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ရိုးမား၊ စပါး၊ ဝက်စ်ဟမ်းအသင်းတို့တွင် ကစားခဲ့ဖူးသည့် အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း မီဒိုက ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယင်းနေ့ရက်တွင် စီစဉ်ခဲ့ခြင်းမှာ ဖီဖာအနေဖြင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မလေးစားသည့်သဘောပင် ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့သည်။
ယခု အီဂျစ်ကလပ် အယ်လ်အာလီအသင်းက ဦးဆောင်၍ ပြိုင်ပွဲ(၂)ခု ရက်မထပ်စေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့တောင်းဆိုမှုအတိုင်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ရှေ့သို့တိုးပြီး ကျင်းပမည်ဆိုပါက ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းမှာ အခက်တွေ့နိုင်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်မှူး ဆာလာ၊ ဆီနီဂေါတိုက်စစ်မှူး မာနေ၊ ဂီနီလက်ရွေးစင် ကီတာ အစရှိသူတို့မှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို စောစောသွားရမည်ဆိုပါက ဇန်နဝါရီလဆန်းပိုင်းတွင် ကစားရန်ရှိသော ပရီးမီးယားလိဂ်ပွဲစဉ်ကို သေချာပေါက် လွဲချော်မည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ဇန်နဝါရီ(၂)ရက်နေ့တွင် ပရီးမီးယားလိဂ်အဓိကပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရန် ရှိနေပြီး ယင်းပွဲတွင် အသင်းမှ အာဖရိကကစားသမားများ မပါဝင်နိုင်မည်ကို အသင်းတာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်း ကိုယ်တိုင်မှာလည်း ဆီနီဂေါလက်ရွေးစင်ဂိုးသမား မန်ဒီ၊ မော်ရိုကို လက်ရွေးစင်တောင်ပံကစားသမား ဇီယာ့ရှ်တို့ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် သက်ဆိုင်ရာလက်ရွေးစင်အသင်းများသို့ စေလွှတ်ရန်ရှိနေကြောင်း သိရသည်။