ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း၏ အေးဂျင့်ဖြစ်သူ ရိုင်ယိုလာက အနာဂတ်တွင် ဟော်လန်း ကစားမည့်အသင်းကို ဆုံးဖြတ်ထားပြီးသားဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းနှင့် ချုပ်ဆိုထားသည့် ဟော်လန်း၏ လက်ရှိစာချုပ်မှာ ၂၀၂၄ ခုနှစ်တွင်မှကုန်ဆုံးမည်ဖြစ်ပြီး ဒေါ့မွန်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် ဟော်လန်း ထွက်ခွာမည်ဆိုပါက ယူရို ၇၅ သန်းဖြင့် ထွက်ခွာခွင့်ပေးရမည်ဟု မီဒီယာများက ဖော်ပြနေကြသည်။
လက်ရှိတွင် ဟော်လန်းကို ခေါ်ယူရန် မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးတို့အပါအဝင် ဥရောပထိပ်တန်းအသင်းများစွကာ စိတ်ဝင်စားနေကြောင်း သိရသည်။ ယခုအခါ ဟော်လန်း၏အေးဂျင့်ဖြစ်သူ ရိုင်ယိုလာက အနာဂတ်တွင် ဟော်လန်း ကစားမည့်အသင်းကို ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရိုင်ယိုလာက ” ဟော်လန်း ဘယ်အသင်းမှာ ကစားရမယ်ဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်ပြီးသားပါ။ ကျွန်တော်တို့အနေနဲ့ စျေးကွက်မှာ ဘယ်လိုကမ်းလှမ်းမှုတွေရှိလာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ဟော်လန်းလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတာကြောင့် ကျွန်တော်တို့အနေနဲ့ စျေးကွက်ရဲ့လွှမ်းမိုးမှုကို ခံမှာမဟုတ်ဘဲ ကျွန်တော်တို့ကပဲ စျေးကွက်ကို လွှမ်းမိုးမှာပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရိုင်ယိုလာက မိမိအနေဖြင့် ကစားသမားအတွက် တိုက်ပွဲဝင်ရန်ပင် ဝန်မလေးကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းက “ငြင်းခုံတာကို ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော်က အရပ်ပုပြီး ဝပေမဲ့ ကစားသမားတွေအတွက် စစ်ပွဲဆင်နွှဲဖို့ အသင့်ပါပဲ။ ကျွန်တော်က ငွေထက် ဂုဏ်သိက္ခာနဲ့ ရည်မှန်းချက်ကို တန်ဖိုးထားပါတယ်” ဟု ဆိုခဲ့သည်။