နာမည်ကျော် အားကစားရုပ်သံလိုင်းတစ်ခုဖြစ်သည့် Sky Sports ၏ ဘောလုံးစကားဝိုင်းအစီအစဉ်တွင် မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားဟောင်း ရွိုင်ကင်းနှင့် လီဗာပူးလ်အသင်း၏ ဂန္ထဝင်ကစားသမား ကာရေဂါတို့အကြား အကြီးအကျယ်စကားများ ခဲ့ကြကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ကစားခဲ့သည့် ပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ရပြီး ယင်းအပေါ် သဘောထားကွဲလွဲခဲ့ကြခြင်းလည်း ဖြစ်သည်။
ရွိုင်ကင်းက အရေးကြီးပွဲတစ်ပွဲ၌ စီရော်နယ်လ်ဒိုကို အရန်ခုံတွင် ထိုင်ခိုင်းခဲ့သည့် အသင်းနည်းပြ မိုက်ကယ်ကာရစ်၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ချိန်တွင် ကာရေဂါကမူ ကာရစ်သည် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဆိုကာ ကာကွယ်ခဲ့ခြင်းကြောင့် စကားများခဲ့ကြခြင်းလည်းဖြစ်သည်။
ကာရေဂါက စီရော်နယ်လ်ဒိုသည် သူယခင်က ရှိနေခဲ့သည့် အဆင့်အတန်းတွင် ရှိမနေတော့သည့် ကစားသမားဖြစ်ပြီး လုပ်အားနှုန်းအခြေအနေအရ အရန်ခုံထိုင်ခိုင်းထားသည်မှာ ဖြစ်သင့်သည်ဟုလည်း ဆိုခဲ့သည်။
ကာရေဂါက ”သူက အသင်းအတွက် အရေးပါတဲ့ဂိုးတွေသွင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ပွဲတိုင်းကစားရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူး”ဟု ဆိုခဲ့သည်။