PSG အသင်း၏ အာဂျင်တီး နားတိုက်စစ်မှူး မက်ဆီသည် မာရာဒိုနာ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အဖြစ် အမှတ်တရစကား ပြောကြားခဲ့ပြီး မနေ့ကအဖြစ်အပျက်လို ထင်မှတ်နေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။
အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာသည် ၂၀၂၀ ခုနှစ်၊ နို ဝင်ဘာ (၂၅)ရက်နေ့တွင် အသက် (၆၀)အရွယ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ပြည့်အဖြစ် ကမ္ဘာတစ်လွှားတွင် အမှတ်တရအစီအစဉ်အမျိုးမျိုး ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
ယင်းတို့အနက် စပိန်သတင်းစာ Marca က မာရာဒိုနာနေရာ ဆက်ခံသူအဖြစ်ကျော်ကြားခဲ့သလို၊ မာရာဒိုနာနှင့် အကြိမ်ကြိမ်နှိုင်းယှဉ် ချီးကျူးခြင်းခံခဲ့ရသည့် မက်ဆီကို ဆက်သွယ်၍ အမှတ်တရစကားပြောကြားစေခဲ့ခြင်းဖြစ်သည်။
မက်ဆီက “အဖြစ်အပျက်က မနေ့ကလိုပါပဲ။ ကျွန်တော် ထူးခြားတဲ့ခံစားမှု ဖြစ်ပေါ်နေပါတယ်။ သူ ထွက်ခွာသွားတာ တစ်နှစ်ရှိပြီဆိုတာ မယုံနိုင်သလိုပါပဲ။ သူ မရှိတော့မှ၊ နှစ်ပေါင်းများစွာကြာပြီးမှ အာဂျင်တီးနားအသင်းက ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံပြန်ဖြစ်ခဲ့ပါတယ်။ ဒါတွေက မနေ့ကဖြစ်ပျက်ခဲ့သလိုပါပဲ။ သူနဲ့ဆက်စပ်ခဲ့တဲ့ အမှတ်တရတွေကို ကျွန်တော် အမြဲ သတိရနေမှာပါ”ဟု ပြောကြားခဲ့သည်။
မက်ဆီသည် မာရာဒိုနာ ကွယ်လွန်ခါစအချိန်တွင်လည်း ဘာစီလိုနာအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အမှတ်တရအောင်ပွဲခံမှု ပြုလုပ်ခဲ့သည်။ ထို့ပြင် မာရာဒိုနာနှင့် တွဲရိုက်ထားသည့်ဓာတ်ပုံနှင့် ဝမ်းနည်းကြောင်း ရေးသားခဲ့သည်။