လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်သည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအား ပြိုင်ပွဲငယ်ကလေးတစ်ခုဟု ဆိုခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရပြီး ကလော့ပ်ကမူ သူသည် ယင်းကဲ့သို့အဓိပ္ပာယ်မျိုးဖြင့် ပြောခဲ့ခြင်းမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
ကလော့ပ်အနေဖြင့် ယင်းသို့ ပြောခဲ့ချိန်တွင် ပရိသတ်များက ၀ိုင်းဝန်းဝေဖန်ခဲ့ကြသလို၊ ပေါ်တိုအသင်းကို အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင်လည်း သတင်းထောက်တစ်ဦးက ” ဟေး ကလော့ပ်၊ နောက်ဆုံးလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲတုန်းက ခင်ဗျားက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ပြိုင်ပွဲငယ်ကလေးလို့ ပြောခဲ့တယ်။ ဒါဟာ ဒီပြိုင်ပွဲမှာ ကစားနေတဲ့သူတွေ၊ ပရိသတ်တွေနဲ့ အာဖရိကမှာရှိတဲ့သူတွေကို စော်ကားလိုက်တာပဲလို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ပြန်တောင်းပန်သင့်တယ်လို့လည်း ထင်တယ်”ဟု ပြောကြားခဲ့သည်။
ကလော့ပ်က ”ငါ ဒီသဘောမျိုး ပြောတာမဟုတ်ဘူး။ ပြီးတော့ ဘာလို့ မင်းဒီလို သဘောပေါက်သွားသလဲ ဆိုတာကိုလည်း နားမလည်ဘူး။ ငါ့ စိတ်ထဲမှာရှိနေတဲ့အရာနဲ့ မင်းအခု ပြောတာတွေက နည်းနည်းတောင် မနီးစပ်ဘူး။ အာဖရိကဖလားပြိုင်ပွဲကိုရော၊ အာဖရိကကိုပါ သေးငယ်တယ်လို့ ငါမထင်ဘူး”ဟု တုံ့ပြန်ခဲ့သည်။