spot_img

ယာဂန်ကလော့ပ်နှင့် မိမိကွင်းဘေးစည်းတွင် အချင်းများခဲ့ကြခြင်းမှာ မိမိအသင်းကိုမိမိ ကာကွယ်ကြခြင်းသာဖြစ်သည်ဟု အာတီတာ ရှင်းလင်း

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၄-၀) အာဆင်နယ်ပွဲတွင် ပွဲချိန်အတွင်း ကွင်းဘေးစည်း၌ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် အပြန်အလှန်အော်ဟစ်အချင်းများခဲ့သော ပြဿနာအတွက် အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြန်လည်ရှင်းလင်းခဲ့ပြီး ယင်းဖြစ်ရပ်မှာ မိမိတို့နည်းပြများအနေဖြင့် မိမိအသင်းကိုမိမိ ကာကွယ်ကြခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းပွဲ၏ ပွဲချိန်(၃၂)မိနစ်တွင် အာဆင်နယ်အသင်း၏ ဂျပန်နောက်ခံလူ တော်မီယာဆုနှင့် လီဗာပူးလ်အသင်း၏ဆီနီဂေါတိုက်စစ်ကစားသမား မာနေတို့ ဘောလုံးကို ခေါင်းခုန်လုတိုက်ခဲ့ကြပြီး အာတီတာက မာနေအား အဝါကတ်ပြရန် တောင်းဆိုရာမှ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် အချင်းများခဲ့ခြင်းဖြစ်သည်။

myan789

ယာဂန်ကလော့ပ်နှင့် အာတီတာတို့သည် ကွင်းဘေး၌ အပြန်အလှန်အော်ဟစ်ခဲ့ကြပြီး ဒေါသကိုမထိန်းနိုင်၍ လီဗာပူးလ်အသင်းနည်းစနစ်ဧရိယာအနီးသို့ ရောက်ရှိလာသော အာတီတာကို အာဆင်နယ်အသင်းနည်းပြအဖွဲ့ဝင်များက တားဆီးထိန်းသိမ်းခဲ့ရသည်။

ယင်းဖြစ်ရပ်အတွက် ယင်းပွဲ၏ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက နည်းပြနှစ်ဦးစလုံးကို အဝါကတ်ပြသတိပေးခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားချိန်၌ နှစ်ဖက်အသင်းမှာ ဂိုးမရှိ သရေကျနေသော်လည်း ပွဲအပြီးတွင် အာဆင်နယ်အသင်းမှာ အဝေးကွင်း၌ (၀-၄)ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။

ယင်းပွဲအပြီးတွင် အာတီတာအား ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ Sky Sports သတင်းဌာနက မေးမြန်းခဲ့ရာ ၎င်းက ”ဒါက ဘာမှမဟုတ်ပါဘူး။ သူ(ကလော့ပ်)က သူ့အသင်းကို သူ ကာကွယ်တယ်။ ကျွန်တော်က ကျွန်တော့်အသင်းကို ကျွန်တော် ကာကွယ်တယ်။ ဒီပွဲရလဒ်အတွက် သူ့ကို ကျွန်တော် ချီးကျူးပါတယ်။ ကျွန်တော့်အတွက် ဖြစ်ရပ်အားလုံးက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ယှဉ်ပြိုင်ခြင်းရဲ့ နည်းလမ်းတစ်ခုပေါ့”ဟု ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်ကမူ မာနေအနေဖြင့် တော်မီယာဆုအား ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ သာမန် ဘောလုံးကို ခေါင်းခုန်တိုက်သည့် ဖြစ်ရပ်မျှသာဖြစ်ကြောင်းနှင့် မာနေအား ပြိုင်ဘက်အသင်းများက အဝါ/အနီကတ်များ ပြသခံရရန် ကြိုးပမ်းကြခြင်းသာဖြစ်ကြောင်း ပွဲအပြီးပြောကြားခဲ့သည်။

”ကျွန်တော်တို့ အက်သလက်တီကိုနဲ့ ပွဲတုန်းကလည်း မာနေကို လူစားလဲခဲ့ရတယ်။ ပြိုင်ဘက်အသင်းက သူ့ကို အဝါကတ် ထပ်အပြခံရအောင် လုပ်နေလို့ပေါ့။ ဒီပွဲမှာ ဒိုင်လူကြီးက အခြေအနေကို သိနားလည်ခဲ့ပြီး မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်ပြခံရတဲ့ အဝါကတ်ပြစ်ဒဏ်ကလည်း ထိုက်တန်ပါတယ်။ ဒါက ပြဿနာမရှိပါဘူး။ တကယ်လို့သာ အဲဒီမှာ ဆိုးဆိုးရွားရွား ဖျက်ထုတ်တာမျိုးရှိခဲ့ရင် ကျွန်တော်တို့ ငြင်းမနေပါဘူး။ မာနေဟာ သူ့(တော်မီယာဆု)ကို ထိတောင်မထိခဲ့ပါဘူး။ ဒါက ကစားသမားနှစ်ယောက် လေထဲမှာ ဘောလုံးကို ယှဉ်လုတာမျှသာ ဖြစ်ပါတယ်”ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းမှာ ယင်းပွဲတွင် ရှုံးနိမ့်ခြင်းကြောင့် ပြိုင်ပွဲစုံဆက်တိုက်ရှုံးပွဲမရှိသည့် မှတ်တမ်းမှာ (၁၀)ပွဲအပြီးတွင်ပင် ရပ်တန့်သွားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular