လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဂျရတ်ကြောင့် အက်စတွန်ဗီလာအသင်း၏ပွဲများကို ပိုကြည့်ဖြစ်တော့မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် ရာထူးမှထုတ်ပယ်လိုက်သည့် ဒင်းန်စမစ်၏နေရာတွင် လီဗာပူးလ်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ဂျရတ်ကို အသင်းနည်းပြအဖြစ် (၃)နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကလော့ပ်က ဂျရတ် ကိုင်တွယ်နေသည့် အက်စတွန်ဗီလာအသင်း၏ ပွဲစဉ်များကို ပိုမိုစောင့်ကြည့်ဖြစ်တော့မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က “သူ့(ဂျရတ်)အတွက် ကျွန်တော် တကယ် ပျော်ပါတယ်။ ကျွန်တော်တို့ မကြာခင် ဆုံတွေ့ဖို့လည်း ရှိနေပါတယ်။ အက်စတွန်ဗီလာပွဲတွေကို ကျွန်တော် ပိုကြည့်ဖြစ်တော့မှာပါ”ဟု ပြောကြားခဲ့သည်။
ဂျရတ်သည် အက်စတွန်ဗီလာနည်းပြဘဝ ပထမဆုံးပွဲအဖြစ် နိုဝင်ဘာ (၂၀)ရက်(စနေနေ့)တွင် ဘရိုက်တန်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို စတင်ကိုင်တွယ်ရမည်ဖြစ်သည်။
ထို့ပြင် ဂျရတ်သည် ၎င်း၏ကစားသမားဘဝ အသင်းဟောင်းဖြစ်သည့် လီဗာပူးလ်အသင်းကို ဒီဇင်ဘာ (၁၁)ရက်တွင် နည်းပြအဖြစ် ပထမဆုံးအကြိမ် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။