အာဆင်နယ်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းက မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းအတွက် ကစားရန်ထက် ကစားသမားဘဝမှ အနားယူမည်ဟု ပြောကြားခဲ့သည်။
Sky Sports ကပြုလုပ်သည့် ပရိသတ်များနှင့် တွေ့ဆုံမေးမြန်းခန်းအစီအစဉ်တွင် ”စပါးမှာ ကစားမလား၊ နားမလား”ဟု မေးမြန်းခဲ့ရာ အူဘာမီယန်းက အနားယူမည်ဟု ဖြေခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းမေးခွန်းနှင့်ဆက်စပ်၍ အာဆင်နယ်အသင်းသို့ မရောက်မီ စပါးအသင်းသို့ ရောက်ရှိရန် နီးစပ်ခဲ့ဖူးကြောင်းလည်း ဖွင့်ဟပြောကြားခဲ့သည်။
အူဘာမီယန်းက ”ကျွန်တော် စိန့်အက်တီယန်မှာ ဒါမှမဟုတ် ဒေါ့မွန်အသင်းကို ရောက်ခါစမှာ ထင်တယ်။ အတိအကျတော့ မမှတ်မိဘူး။ ကျွန်တော် ဒီကို ရောက်ခဲ့တယ်။ ဒါပေမဲ့ သူတို့ ထပ်ပြီးမကြိုးစားခဲ့ဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒီအတွက် သူတို့နဲ့ ရင်ဆိုင်ကစားရတဲ့အခါ အပိုလှုံ့ဆော်မှုတွေနဲ့ ကစားလေ့ရှိတာကိုတော့ သူတို့ သိပါတယ်”ဟု ပြောကြားခဲ့သည်။
အူဘာမီယန်းသည် ပရီးမီးယားလိဂ်၌ စပါးအသင်းနှင့် (၇)ပွဲ ဆုံတွေ့ခဲ့ရာတွင် (၄)ဂိုး သွင်းယူထားနိုင်ကြောင်း သိရသည်။