ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်က လီဗာပူးလ်အသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာ စိန်ခေါ်နိုင်စွမ်းရှိကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း ၌ (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ယခုရာသီ ပြိုင်ပွဲစုံတွင် ရှုံးပွဲမရှိသေးသည့် လီဗာပူးလ်အသင်းအား ပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့သည်။
ယင်းအနိုင်ရလဒ်ကြောင့် ၁၁ ပွဲကစား၊ ခုနစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် ၂၃ မှတ်ဖြင့် တတိယနေရာရောက်ရှိလာခဲ့သည်။
လက်ရှိအမှတ်ပေးဇယားတွင် ဒုတိယနေရာမှ ချန်ပီယံ မန်စီးတီးအသင်းနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်သာ ကွာဟနေသည်။
သို့ဖြစ်ရာ ယင်းပွဲအပြီးတွင် ချန်ပီယံဆုစိန်ခေါ်နိုင်စွမ်းရှိမရှိ သတင်းထောက်များက မေးမြန်းစဉ် ဒေးဗစ်မွိုက်စ်က ”အဲဒီဟာကို ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဖြစ်လာမယ်လို့ မထင်ပါဘူး။ ထိပ်ဆုံးလေးသင်းနေရာကို ကျွန်တော်တို့ စိန်ခေါ်နိုင်စွမ်းရှိပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို နှစ်မှတ်တည်းနဲ့ လွဲချော်ခဲ့ရတာပါ။ ဒါဆိုရင် အဲဒီနေရာမှာ ကျွန်တော်တို့ ဘာဖြစ်လို့ ရှိမနေနိုင်ရမှာလဲ။ ကျွန်တော်က အဲဗာတန်မှာရှိစဉ်တုန်းက မန်နေဂျာတစ်ယောက်ပုံစံအတိုင်း ရှိနေတုန်း ပါပဲ။ ဒါပေမဲ့ ဘယ်လိုပိုကောင်းအောင် လုပ်ရမလဲဆိုတာ ကိုယ်တိုင်အမြဲကြိုးစားအားထုတ်နေပါတယ်။ ကျွန်တော်တို့အားလုံး တိုးတက်လာအောင် ဆက်ပြီးကြိုးစားနေရပါမယ်။ အကောင်းဆုံးအချိန်တွေရောက်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ဖြေကြားသည်။