ပြီးခဲ့သည့် ဖီအိုရင်တီးနားအသင်းနှင့် စီးရီးအေ အိမ်ကွင်းပွဲစဉ်တွင် (၁-၀)ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နည်းပြ အယ်လီဂရီသည် အီတလီဂန္ထဝင်နည်းပြများဖြစ်သော မာဆယ်လိုလစ်ပီနှင့် ထရာပတ်တိုနီတို့နောက်ပိုင်း နိုင်ပွဲ (၂၀၀)ပြည့် တတိယမြောက် ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အယ်လီဂရီ၏ ဂျူဗင်တပ်စ်အသင်းသည် လက်ရှိရာသီအစတွင် ရလဒ်ဆိုးများဖြင့် ရုန်းကန်ခဲ့ရပြီး ယခုအခါ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ပြီဖြစ်သော်လည်း စီးရီးအေပွဲစဉ် (၁၂)အပြီး၌ (၅)ပွဲ နိုင်၊ (၃)ပွဲသရေ၊ (၄)ပွဲရှုံးရလဒ်ဖြင့် ချန်ပီယံဆုအတွက် အမှတ်ပေးဇယားထိပ်ပိုင်းတွင် အပြိုင်ဖြစ်နေသော နာပိုလီ၊ အေစီမီလန်၊ အင်တာမီလန်အသင်းများနှင့် အမှတ်ကွာဟချက် မြင့်မားနေသည်။
ထို့ပြင် ဖီအိုရင်တီးနားအသင်းနှင့်ပွဲမတိုင်မီတွင် ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေ (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး နည်းပြအယ်လီဂရီထံ ဖိအားများဝန်းရံလျက်ရှိသည်။ သို့သော် ဖီအိုရင်တီးနားနှင့် ပွဲတွင် အနိုင်ရပြီးနောက် အယ်လီဂရီသည် ထရာပတ်တိုနီ (၃၁၉ ပွဲ)၊ မာဆယ်လိုလစ်ပီ (၂၂၇) ပွဲပြီးနောက် ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံနိုင်ပွဲအများဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
အယ်လီဂရီက “အခုနိုင်ပွဲအတွက် ကျွန်တော်တို့ ပျော်ရွှင်ရမယ်ဆိုပေမဲ့ ဆုံးရှုံးခဲ့တဲ့အမှတ်တွေအတွက် ဒေါသထွက်သင့်ပါတယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ ကွဲပြားခြားနားတဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို ပြသနိုင်ခဲ့ပေမဲ့ ကိုယ့်ရဲ့အားနည်းမှုကြောင့် အမှတ်တွေလျော့ခဲ့တာကိုလည်း မမေ့သင့်သေးဘူး။ နိုင်ပွဲတွေလိုချင်တယ်ဆိုရင် အခုလိုမျိုး အဆုံးစွန်အထိ တိုက်ပွဲဝင်ရပါမယ်” ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ဖီအိုရင်တီးနားအသင်း နှင့်ပွဲတွင် ပထမပိုင်းပွဲချိန်အတွင်း ဂိုးပေါက်တည့်သည့် ကန်သွင်းမှု (၁)ကြိမ်မျှမရှိသည့်အထိ စွမ်းဆောင်ရည်ဆိုး ရွားခဲ့သည်။ ဆာဆူအိုလိုအသင်းကို ရှုံးနိမ့်သည့်အိမ်ကွင်း ပွဲစဉ်တွင်လည်း ဂျူဗင်တပ်စ်အသင်းသည် ယခုလိုမျိုး ပထမပိုင်းပွဲချိိန်အတွင်း ဂိုးပေါက်တည့်သည့်ကန်သွင်းမှု (၁)ကြိမ်မှ မရှိခဲ့ကြောင်း သိရသည်။